Friday, December 25, 2009

အထောက်အကူ

ကျွန်တော်တို့ အခုနေတာက အိပ်ခန်းနှစ်ခန်းနဲ့ မီးဖိုချောင် ဧည့်ခန်းတွဲပါတဲ့ တိုက်ခန်းလေးပါ။ စင်ကာပူအစိုးရရဲ့ စည်းကမ်းအရကတော့ အနည်းဆုံးလူလေးယောက်ပဲနေခွင့်ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အိမ်ရှင်ကတော့ လူခြောက်ယောက်နေခွင့်ပေးထားပါတယ်။ ကျွန်တော်တို့ ကတော့ စုစုပေါင်း လူရှစ်ယောက်နေပါတယ်။ တစ်ခန်းကို လူသုံးယောက်နဲ့  နှစ်ခန်းဆိုတော့ခြောက်ယောက်၊ ဧည့်ခန်းမှာ နှစ်ယောက်နေပါတယ်။ လေးယောက်သာ သတ်မှတ်ထားတဲ့အခန်းလေးမှာ လူရှစ်ယောက်ပေါင်းနေတယ်ဆိုတော့ စဉ်းစားသာကြည့်တော့။ နေတဲ့သူတွေကလဲ ယောက်ျားလေးတွေချည်းပဲဆိုတော့ အိမ်သန့် ရှင်းရေးက လုပ်လို့ မနိုင်အောင်ပါပဲ။
မီးဖိုချောင်က အဆိုးဆုံးပေါ့ဗျာ။ ခုဆိုရင် မီးဖိုခန်းမှာ ပိုးဟတ်တွေက ထောင်ချီနေတာပါပဲ။ ထမင်းဟင်းကျန်တွေကို ညအခါ အုပ်ဆောင်းမထားရင်ဖြင့် ပိုးဟတ်တွေက ၀ိုင်းသမတော့တာပါပဲ။
ဒီနေ့ သန့် စင်ခန်းဝင်ရင်းနဲ့  ပိုးဟတ်တစ်ကောင်ဟာ သန့် စင်ခန်းရဲ့ ကြမ်းပြင်ပေါ်မှာ ပက်လက်လန်နေတာကို တွေ့ ရတယ်။ ကြမ်းပြင်ကလဲ စိုစွတ်နေတော့ သူ့ ရဲ့ တောင်ပံတွေနဲ့ ကပ်နေတယ်။ ဒီတော့ သူ့ ခမျာ ခြေချောင်းလက်ချောင်းလေးတွေနဲ့ အစွမ်းကုန်ရုန်းကန်ထနေပေမယ့် သူ့ ရဲ့ ကြိုးစားမှူက အချည်းအနှီးဖြစ်နေတယ်။ ကျွန်တော်စဉ်းစားတယ်။ ဒီအတိုင်းသာ ထားလိုက်ရင်တော့ ဒီပိုးဟတ်ကလေးဟာ သူအသက်ရှင်သန်အောင် ကြိုးပမ်းနေရင်းနဲ့ အသက်သာသေဆုံးသွားမှာပဲလို့ ။ ဟုတ်တယ်လေ။ သူကြိုးစားပေမယ့် သူရုန်းကန်ရင်ဆိုင်နေရတာက သူ့ အားနဲ့ မတန်မျှတဲ့ ကြမ်းပြင်ရဲ့ စိုစွတ်မှူ။ ပြီးတော့ သူ့ ရဲ့ ခြေလက်တွေရဲ့ဆုပ်ကိုင်စရာက ဘာမှခိုင်မြဲမှူမရှိတဲ့ လေ ဖြစ်နေတယ်လေ။
ကျွန်တော်လဲ ဘေးနားမှာရှိနေတဲ့ ခပ်မာမာအမှိုက်ကလေးတစ်ပင်ကို သူ့ ရဲ့ ဘေးမှာ အထောက်အကူအဖြစ်ထားပေးလိုက်တယ်။ ဒီတော့ သူ့ ရဲ့ ခြေလက်တွေဟာ အဲဒီအထောက်အကူလေးကို ဆုပ်ကိုင်မိပြီး ချက်ချင်းဆိုသလို ရပ်တည်သွားနိုင်ပါတယ်။
ဒီလိုပါဘဲ ကျွန်တော်တို့ တစ်တွေအခက်အခဲတစ်ခုနဲ့ ရင်ဆိုင်နေကြရတဲ့အခါမှာ အားလုံးလိုလိုကတော့ ကိုယ့်ဘာသာရုန်းကန်ထနေကြတာပါဘဲ။ ဒါပေမယ့် ကိုယ့်ရဲ့ခံနိုင်ရည်စွမ်း၊ ကိုယ့်ရဲ့ အားအင်နဲ့ မတန်အောင် ခက်ခဲလှတဲ့အနေအထားမျိုးမှာတော့ အထောက်အကူဆိုတာလိုအပ်လာတာပါပဲ။ အဲလိုအချိန်မှာ ကိုယ့်ဘာသာကိုယ် ရုန်းကန်မထဘဲ အခြားအထောက်အကူကိုယူချင်ကောင်းရဲ့လို့ ဘယ်အပြစ်ဆိုသာမလဲနော်။ အဲဒီအထောက်အကူကလဲ တစ်ခါတစ်လေ ဘာမှမဟုတ်တဲ့ အရာလေးတစ်ခုလဲဖြစ်နေတတ်ပါတယ်။ အဲဒီဘာမှမဟုတ်တဲ့ အထောက်အကူလေးကလဲ
ကြိုးစားရုန်းကန်ထနေရတဲ့ သူတစ်ယောက်အတွက် မဟာတံတိုင်းကြီးတစ်ရပ်လဲဖြစ်သွားတတ်ကြတယ်။ အဲဒါလေးကို ဂရုပြုပြီးတော့ လူ့ ဘ၀ရဲ့ တိုတောင်းလှတဲ့အချိန်လေးမှာ သူတစ်ပါးအတွက် ကိုယ်တတ်နိုင်တဲ့ အထောက်အကူလေးတစ်ခုလောက် ဖန်တ်ီးပေးနိုင်ခဲ့ကြပါစေ။

Tuesday, July 28, 2009

ခွေးလေး ၊ ကြိုးနှင့်  စက်ဘီး

ခွေးလေး ၊ ကြိုးနှင့်  စက်ဘီး

တစ်ခါတုန်းက ကောင်လေးတစ်ယောက်မှာ ခွေးလေးတစ်ကောင်ရှိခဲ့တယ်။
ခွေးလေးဟာ လူတစ်ယောက်နဲ့ မခြား တတ်သိနားလည်ပြီး အလွန်ကို လိမ္မာတဲ့ခွေးလေးပါတဲ့။
ကောင်လေးကလဲ သူ့ ခွေးလေးကိုသိပ်ချစ်တာပေါ့။
ဒါပေမယ့် ခွေးကလေးမှာ ချို့ ယွင်းချက်ရှိတယ်။
အဲဒါကဘာလဲဆိုတော့ သူဟာ စက်ဘီးဆို အရမ်းကြောက်တယ်တဲ့။
အိမ်ရှေ့ကနေ စက်ဘီးတစ်စီးဖြတ်သွားတယ်ဆို၇င်ပဲ ခွေးကလေးဟာ အိမ်ထဲကိုပြေးဝင်လာပြီး
ကုတင်အောက်မှာ ထိတ်လန့် ကြီးစွာ ပုန်းအောင်းနေရတယ်။
ဒါကို ကောင်လေးက မကျေနပ်ဘူး၊ အားမရဘူး။
စက်ဘီးဆိုတာ ကြောက်စရာမဟုတ်မှန်း ခွေးကလေးသိအောင် သူကြိုးစားခဲ့ပါတယ်။
ကောင်လေးက ခွေးလေးကို သစ်ပင်တစ်ပင်မှာ ကြိုးတစ်ချောင်းနဲ့ ချည်နှောင်ထားလိုက်တယ်။
အဲဒီနောက်မှာ သစ်ပင်ကိုပတ်ပြီး စက်ဘီးစီးပါတယ်။
ခွေးကလေးဟာ အရမ်းသနားစရာကောင်းအောင် တအီအီအော်ပြီး ကြောက်ရွ့ံ့နေရှာတယ်။
ကောင်လေးဟာ စက်ဘီးကိုရပ်မပေးပါဘူး။
စက်ဘီးဆိုတာ ကြောက်စရာမဟုတ်မှန်း ခွေးကလေးသိအောင် သူဆက်စီးခဲ့တယ်။
နောက်ဆုံးမှာတော့ ခွေးကလေးဟာ ကြောက်လန့် တဲ့ စိတ်နဲ့ ပဲ နေရာမှာတင်သေဆုံးသွားခဲ့ပါတယ်။
ကောင်ကလေးစေတနာဟာ ဝေဒနာဖြစ်သွားခဲ့ရတယ်။
အဲနေ့ ညမှာပဲ ကောင်လေး အိပ်မက်မက်ပါတယ်။
အိပ်မက်ထဲမှာ ခွေးကလေးကပြောတယ်။
သူ့ မှာအရင်ဘ၀က စက်ဘီးအတိုက်ခံရပြီးသေဆုံးသွားခဲ့ရလို့ ဒီဘ၀မှာ စက်ဘီးဆိုရင် ကြောက်လန့် ခဲ့ရတယ်။
စက်ဘီးနဲ့ လဲ ဝေးအောင်နေတယ်။
ဒါပေမယ့် သခင်ကြောင့် သည်ဘ၀မှာလဲ စက်ဘီးနဲ့ သေခဲ့ရပြီ။
သခင်မယုံရင် စုံစမ်းဖို့ ဆိုပြီး အရင်ဘ၀က မိဘတွေရဲ့ နေ၇ပ်လိပ်စာကိုပါ ပြောပြသွားခဲ့ပါတယ်။
နောက်တစ်နေ့ မှာ ကောင်လေးသွားစုံစမ်းကြည့်တော့ အမှန်တကယ်ဖြစ်နေတာကိုတွေ့ ခဲ့ရတယ်။
ဖြစ်ရပ်မှန်မဂ္ဂဇင်းမှာပါတဲ့ အကြောင်းအရာလေးတစ်ရပ်ပါ။
ခွေးကလေးကတော့ သခင်ကကြိုးချည်ခဲ့လို့  သူ့ ရဲ့ခံစားချက်ကို သခင်ကို ထုတ်ပြောခွင့်ရခဲ့တယ်။
ကိုယ့်ဟာကိုယ် ကြိုးချည်ခဲ့မိတဲ့ကျွန်တော်ကတော့ …………………..

Friday, March 6, 2009

အချစ်ဆိုတဲ့ သစ်ပင်လေး

အချစ်တဲ့။
ဘယ်သူမဆိုအချစ်ဆိုတဲ့အရာကို လိုချင်ကြတယ်။
အဲဒီအချစ်ကို ရတဲ့သူတွေရှိသလို မရရှိခဲ့တဲ့သူတွေလဲရှိတယ်။
ရရှိပြီးမှ မထိန်းသိမ်းတတ်လို့ ၊ တန်ဖိုးမထားတတ်လို့ အချစ်နဲ့ဝေးသွားကြတဲ့သူတွေရှိသလို လုံးဝလက်လွတ်ဆုံးရှုံးလိုက်ရတဲ့သူတွေလဲ ဒုနဲ့ဒေးပါ။
တကယ်တမ်းတွေးကြည့်တော့ အချစ်ဆိုတာဘာလဲ။ ကျွန်တော်သိထားတဲ့ အချစ်ဆိုတာကတော့ ဘာမှ မဟုတ်ပါဘူး။ အချစ်ဆိုတာ အချစ်ပါပဲ။ တကယ်တမ်းတစ်ယောက်ကိုတစ်ယောက် ရင်ထဲအသည်းထဲကနေ နင့်နင့်ကာကာကို ချစ်နေကြပြီဆိုရင်ဖြင့် အချစ်ဆိုတာကို အဓိပ္ပါယ်ဖွင့်လို့ မရတော့ပါဘူး။ အဲဒီအချစ်ဟာ ကိုယ့် ရဲ့ အယူအဆတွေ ကိုယ့်ရဲ့ အတ္ထတွေ ကိုယ့်ရဲ့မာနတွေကိုတောင် အလိုလိုအရည်ပျော်ကျပျောက်ကွယ်စေပါတယ်။
သူကပိုချစ်တယ်၊ ငါကပိုချစ်တယ်လို့ ထင်နေကြသေးတယ်ဆိုရင် အဲဒါအချစ်မဟုတ်သေးပါဘူး။ တကယ်တမ်းချစ်တယ်ဆိုရင် ချစ်နေရတာလေးကိုက အရသာလေးရှိနေပြီး သူသာတယ် ငါသာတယ်ဆိုတာမျိုးမရှိတော့ဘူး။ နှစ်ဦးနှစ်ဖက်အပြန်အလှန်ချစ်ကြတာပဲဖြစ်ဖြစ်၊ တဖက်သတ်ချစ်နေတာမျိုးပဲဖြစ်ဖြစ် ကိုယ့်ချစ်သူအတွက် ကိုယ်ဖြည့်ဆည်းပေးလိုက်ရတာ ကိုယ်ပေးဆပ်လိုက်ရတာလေးကိုက ကိုယ့်အတွက် ကျေနပ်ပီတိဖြစ်စရာလေးပါ။ အဲဒီအချစ်မှာပြန်လည်ရလိုမူဆိုတာလဲ ကင်းဝေးနေပါသေးတယ်။ ကိုယ့်ချစ်သူအဆင်ပြေနေရင်၊ ပြုံးပျော်ရွှင်နေရင် ကိုယ်ကအလိုလိုပီတိတွေဖြစ်တတ်ပါတယ်။ ကိုယ့်ချစ်သူမှာကိုယ်နဲ့ မကိုက်ညီတဲ့သဘောတရားတွေ၊ စရိုက်တွေရှိနေတာတောင် အဲဒါလေးတွေကို အပြစ်လို့ မမြင်ဘဲ နားလည်ကျေနပ်နိုင်ပါသေးတယ်။
အချစ်ဆိုတာမျိုးဟာ ရှာဖွေနေလို့ လဲ တွေ့ ရှိနိုင်တဲ့ အရာမျိုးမဟုတ်ပါဘူး။ တစ်ခါတစ်လေ ရင်ထဲကိုရောက်နေတာတောင် မသိလိုက်တဲ့အခါမျိုးလဲ ရှိတတ်ပါတယ်။
အဲလိုအချစ်မျိုးရင်ထဲရောက်နေပြီ၊ ကိုယ်ပိုင်ဆိုင်ထားရပြီဆိုရင် အဲဒီ အချစ်ဆိုတဲ့သစ်ပင်လေး ရင်ထဲမှာ အမြဲရှင်သန်ကြီးထွားနေအောင်၊ အမြဲလန်းဆန်းနေအောင် ပြုစုစောက်ရှောက်ဖို့ တာဝန်ရှိပါတယ်။ ဒါပေမယ့် အဲဒါကို လူတော်တော်များများသတိမထားမိကြဘူး။ မေ့လျော့နေကြတယ်။ဖာသိဖာသာနေကြတာများတယ်။ အချစ်ဆိုတဲ့ သစ်ပင်လေးကို တယုတယတန်ဖိုးထားပြီးထိန်းသိမ်းပြုစုဖို့ ထက် ကိုယ့်ရဲ့ ပင်ကိုယ်ဗီဇ၊ ပင်ကိုယ်ဝါသနာ၊ ပင်ကိုယ်စရိုက်အတိုင်းပဲ နေသွားတတ်ကြတယ်။ ဒါကြောင့်လဲ ရင်ထဲမှာဖွံ့ ဖြိုးစ ပြုနေတဲ့ အချစ်ဆိုတဲ့ သစ်ပင်လေးဟာ တဖြည်းဖြည်း အာဟာရပြတ်လပ်ပြီး သေဆုံးသွားပါတယ်။အဲဒီလို ကျွန်တော်တို့ ဘ၀မှာရခဲလှတဲ့ အချစ်ဆိုတဲ့သစ်ပင်လေးကို ပြုစုဂရုစိုက်ဖို့ မမေ့ ကြပါနဲ့ ။ ဒီလိုဂရုစိုက်တဲ့အခါမှာ ကိုယ့်ရင်ထဲမှာရှိနေတဲ့ အချစ်သစ်ပင်လေးကိုသာမက သူ့ ရင်ထဲမှာရှိနေတဲ့ အချစ်သစ်ပင်လေးကိုပါ နှစ်ဦးနှစ်ဖက်အပြန်အလှန် ဂရုတစိုက်ထိန်းသိမ်းသွားကြမယ်ဆိုရင် ကျွန်တော်တို့ တွေ ပိုင်ဆိုင်ရရှိနေတဲ့ အချစ်ဆိုတဲ့သစ်ပင်လေးဟာ ကျွန်တော်တို့ အသက်ရှိနေသမျှ ရှင်သန်နေမှာပါ။ အဲဒီအချစ်ဆိုတဲ့သစ်ပင်လေးကြောင့်လဲ ကျွန်တော်တို့ တွေရဲ့ နေနေရတဲ့ ဘ၀ကို ကျေနပ်ပီတိတွေဖြစ်နေကြမှာပါ။ ကျွန်တော်တို့ တင်မက ကျွန်တော်တို့ ပတ်ဝန်းကျင်ကလူတွေတောင် အားကျအတုယူစရာအဖြစ်တည်ရှိနေမှာပါ။ အဲလောက်ချစ်စရာကောင်းတဲ့အချစ်ကို တန်ဖိုးထားပြီး ချစ်နေကြသူနှစ်ယောက်စလုံး ဂရုတစိုက်ထိန်းသိမ်းသင့်ပါတယ်။ ကျွန်တော်ဆိုလိုချင်တာကတော့ သင့်ကြောင့် အချစ်ဆိုတဲ့သစ်ပင်လေး မညှိုးနွမ်း မပျက်စီး မသေဆုံးပါစေနဲ့  လို့ ။

Tuesday, January 13, 2009

ဂျူးဝတ္ထုထဲက စာပုဒ်တစ်ပုဒ်

ခါလီဂျီဘရန်ကပြောဘူးတယ်။
နာကျင်မှူတော်တော်များများဟာ တို့ တွေကိုယ်တိုင်ရွေးယူခဲ့တာဖြစ်တယ်တဲ့ ။
တို့ လူသားတွေရဲ့စိတ်ဝိညာဉ်ဆိုတာက မကြာခဏဆိုသလို စစ်တလင်းတစ်ခုဖြစ်ဖြစ်နေတတ်တယ်။ ကိုယ်တို့ ရဲ့ အလိုရမ္မက်တွေ၊ မွတ်သိပ်မှူတွေကို ဆင်ခြင်တုံတရားတွေ၊ စီရင်ချက်တွေနဲ့ ခုခံတိုက်ခိုက်နေရတဲ့စစ်မြေပြင်ပေါ့။ ဆင်ခြင်တုံတရားနဲ့  အလိုရမ္မက်ဟာ စိတ်ဝိညာဉ်ပင်လယ်ပြင်ခရီးမှာ တက်မနဲ့ ရွက်ပမာတူတယ်၊၊
တက်နဲ့ ရွက်တစ်ခုခုပျက်ရင် ကိုယ်တို့ လဲ လွင့်စင်မျောသွားမှာပါပဲ။ဆင်ခြင်တုံတရားတစ်ခုတည်းနဲ့ ဆိုရင် ဒါဟာ အဓမ္မအကျဉ်းခံနေရသလိုပဲ။ အလိုရမ္မက်နဲ့ ချည်းဆိုရင်လဲ ကိုယ့်ကိုယ်ကို ဖျက်ဆီးပစ်မယ့် မီးတောက်မီးလျှံပဲ။ ဒီနှစ်ခုကို ဟန်ချက်ညီအောင်ကြိုးစားကြရမှာပါပဲ။ မင်းမရှိတဲ့ ကိုယ့်ရဲ့ကမ္ဘာဟာ ငရဲတစ်ခုပါပဲ။ အဲဒီငရဲကို ကိုယ်တိုင်ဖန်ဆင်းယူခဲ့ရတာပါ။

Sunday, January 11, 2009

ပညာမရှိသောသူဌေးသားအကြောင်း နှင် ကျွန်တော့်ခံစားချက်

ပြာသိုလပြည့် အမေနေ့  အတွက်ရယ်ဆိုပြီးတော့ရေးတာမျိုးမဟုတ်ပါဘူး။ဒီအကြောင်းအရာလေးကို ရေးချင်နေတာကြာပါပြီ။အကိုးအကားလေးကို ရှာလို့ မရသေးလို့ ပါ။ အဲဒါလေးကို တာရာမင်းဝေလဲရေးခဲ့ဘူးပါတယ်။ သူရေးတာကို ဖတ်ခဲ့ဖူးတဲ့နောက် အရမ်းကို သဘောကျခဲ့တာပါ။ ဒါပေမယ့် ဖတ်ထားတာလဲကြာပြီဆိုတော့ သူ့ စာတွေလဲမေ့ကုန်ပါပြီ။ ဒီတော့ ကိုယ့်စာနဲ့ ကိုယ်စကားနဲ့ကိုယ်ပဲရေးရတော့မှာပေါ့။
အခြားမဟုတ်ပါဘူး။ မြန်မာလူမျိုးတိုင်းသိကြတဲ့ မူလတန်းသင်ရိုးပါ ဆားတုံဆရာတော်ရေးသားထားတဲ့ ပညာမရှိသော သူဌေးသားအကြောင်းပါ။ ကျွန်တော်ငယ်ငယ်တုန်းကတော့ ဒီကဗျာလေးကိုသင်ခဲ့ရတဲ့အချိန်က ပညာမဲ့ခြင်းရဲ့ အပြစ်ကို အထိတ်တလန့် နဲ့ သိခဲ့ရပါတယ်။ ဒါပေမယ့် တာရာမင်းဝေရဲ့ အမြင်ကလေးကို သိသွားရတဲ့အချိန်မှာ..... (သို့ ) ဘ၀ရဲ့ ဒုက္ခတွေနဲ့ ကြုံတွေ့ ရတဲ့အခါမှာတော့...............



“ရှေးသရောအခါ၊ ပြည်ဗာရာဝယ်
ကုဋေကြွယ်သား၊ သူဌေးအားလျှင်
သားတစ်ယောက်ဖြစ်”
ဗာရာဏသီပြည်ကြီးတွင် ကုဋေပေါင်းမြောက်များစွာကြွယ်ဝသော သူဌေးကြီး ၌ တစ်ဦးတည်းသောသားတစ်ယောက်ရှိလေ၏ပေါ့ဗျာ။
“ချစ်၍တစေ၊ အိမ်မှာနေ၍
စာပေမကျ” တဲ့ 
သူဌေးကြီးက သူ့ သားကိုချစ်လို့  အိမ်မှာပဲနေစေပြီး ပညာသင်မပေးခဲ့လို့ ကလေးခမျာ စာပေမတတ်ဆိုပါလား။ သနားစရာကောင်းလိုက်တဲ့ကလေး။
“မိဘစုတေ့ ၊ ခန္ဓာရွေ့ သော်
အရှေ့အနောက်၊ တောင်မြောက်ဘယ်မှာ
မသိပါငြား၊ သူဌေးသားသည်”
ဒီလိုမိဘတွေအသက်ထင်ရှားရှိစဉ်က သားသမီးကိုချစ်လွန်းလို့  ပညာသင်မခိုင်းရက်ခဲ့တော့ မိဘတွေ
မရှိတဲ့နောက် သူဌေးသားခမျာ တော်တော် အခက်အခဲတွေဖြစ်ခဲ့ရတယ်။ ဘာဆိုဘာမှ မတတ်သိခဲ့တော့ဘူးလေ။သူဘယ်လောက် ဒုက္ခပင်လယ်ဝေခဲ့ရမလဲ။
သိုထားမတတ်၊ အရပ်ရပ်၌
အပ်နှံဥစ္စာ၊ရှိသည့်ငှာကို
များစွာကျွန်ပေါင်း၊ မကောင်းခိုးသူ
ူယူ၍ပြေးရှောင်”

ရက်စက်လိုက်တဲ့လောကကြီး ။ မိဘတွေရှိစဉ်ကောင်းစားစဉ်အခါတုန်းက ကိုယ့်လက်အောက်မှာ အလုပ်လုပ်ကြတဲ့ကျွန်တွေကအစ အားလုံး အားလုံးဟာ မိဘလဲမရှိ ပညာလဲမတတ်တဲ့ လူငယ်လေးအပေါ်ကို နည်းနည်းလေးမှမထောက်ထား။ ရှိသမျှဥစ္စဓန အားလုံးကို နည်းအမျိုးမျိုးနဲ့  လိမ်လည်လှည့်ဖြားပြီး ယူဆောင်ထွက်ပြေးကြသတဲ့ ။ သူဌေးသားမှာ စားစရာမရှိတော့အခြေအနေကိုတောင် ရောက်ခဲ့ရပြီ။
“အိမ်ကိုရောင်းလျက်၊ ထောင်းထောင်းကြေကာ
ခွက်လက်စွဲကာ တောင်းစားပါလည်း”

သူ့ မှာစားစရာမရှိတော့ ရှိတဲ့အိမ်ကိုရသလောက်နဲ့  ရောင်းတယ်။ လူတွေက တော့ ဈေးနှိမ်ပြီးဝယ်ကြမှာပါ။ ရောင်းလို့ ရတဲ့ ပိုက်ဆံတွေကုန်သွားလဲ သူတပါးဆီက ခိုးမစားဘူး၊ လိမ်မစားဘူး။ သူရိုးရိုးသားသားပဲ တောင်းစားပါတယ်။ သူဌေးသားတစ်ယောက် ခွက်စွဲပြီးတောင်းစားတာ နည်းတဲ့ သတ၊္တိ နည်းတဲ့ မာနမဟုတ်ဘူးနော်။
“နင်သာလူမိုက်၊ ဒုစရိုက်ဟု
ရိုက်ပုတ်လိုက်ကြ၊ ရွာမှထွက်လေ
တောမှာသေသည်၊ ကောင်သေလင်းတ
ကျ၏သတည်း”
သူ့ ဟာသူ ရိုးရိုးသားသားတောင်းစားတဲ့သူတစ်ယောက်ကို လူမိုက်လို့ ဆိုပြီး ရိုက်လိုက်ပုတ်လိုက်ကြနဲ့  ရွာ့ အပြင်ဘက်ကိုတောင် နှင်ထုတ်လိုက်ကြသတဲ့ ။ မပေးချင် မကျွေးချင်ရင် မပေးမကျွေးနဲ့ ပေါ့ဗျာ။ ခုလို ရိုက်ပုတ်မောင်းနှင်လွှတ်တာမျိုးတော့ တစ်ဆိတ်လွန်လွန်းပါတယ်။ သူဌေးသားခမျာ သေတာတောင် လူချင်းတူတူမသေရ၊ တောထဲမှာသေပြီး လင်းတကျပြီးသေရသတဲ့။
ကဲ......... ဘယ်လောက်များရင်နာစရာကောင်းတဲ့အဖြစ်လဲ။ မိဘတွေရဲ့ သားသမီးကိုမချစ်တတ်တဲ့ ကိစ္စလေးတစ်ခုအတွက် ဘာမှ တတ်သိနားလည်ခြင်းမရှိတဲ့ ကလေးတစ်ယောက် ဘ၀ပျက်သွားခဲ့ရတယ်။
ကျွန်တော်တို့ ရွာဘက်က ဆွေမျိုးနီးစပ်တော်တဲ့ ဦးလေးတစ်ယောက်ရှိတယ်။ သူ ပညာမတတ်ပါဘူး။ ဒါပေမယ့် သူ့ ရဲ့ ကံ၊ ညဏ်၊ ၀ီ၇ိယကြောင့် သူဟာ မန္ထလေးမြို့ မှာ ကားဂိတ်တွေ၊ အဝေးပြေးကုန်တင်ကားတွေ ပိုင်ဆိုင်ပြီး ချမ်းသာလာတယ်။ သူ့ မှာသားနှစ်ယောက်ရှိတယ်။ မန္ထလေးမှာမွေးပြီး မန္ထလေးမှာ ကြီးပြင်းတဲ့ သူ့ သားနှစ်ယောက်ကို သူက ဘယ်လိုဆုံးမတုန်းဆိုတော့ “ပညာတတ်စရာမလိုပါဘူး၊ ပညာမတတ်လဲ ဘာမှမဖြစ်ဘူး၊ ငါတောင် ပညာမတတ်ဘဲ ချမ်းသာလာခဲ့တယ်” တဲ့ ။သူကတော့ရွာမှာကြီးပြင်းခဲ့တာ။ ပျက်စီးစရာလမ်းစဆိုတာ အလွန်ဆုံးရှိလှ ရွာက ထန်းတောနဲ့ အရက်ဝိုင်းပေါ့။ ဒါပေမယ့် သူ့ သားနှစ်ယောက်ကတော့ ပျက်စီးစရာတွေများပြားလှတဲ့ မြို့ ကြီးပြကြီးမှာ ကြီးပြင်းရတာလေ။ အဖေကလဲ ချမ်းသာတော့ သားနှစ်ယောက်ဟာ ၁၀တန်းတောင်မအောင်ရှာပါဘူး။ အရက်သောက်၊ဖဲရိုက်၊ မိန်းမပွေနဲ့ နောက်ဆုံး ဘိန်းရှုပြီးသေသွားကြရရှာသဗျား။ သားတစ်ယောက်ဟာဆိုရင်လဲအိမ်ထောင်နဲ့ ဆိုတော့ ကျန်ရစ်ခဲ့တဲ့ သူ့ မိသားစု။ ဖခင်ရဲ့ အတွေးအခေါ်လေးတစ်ချက်က အများကြီးကို နစ်နာဆုံးရှုံးသွားခဲ့ ရပါကလား။
လူငယ်တွေဆိုတာ ငယ်စဉ်ကတည်းက မိဘနဲ့ နေခဲ့ကြရတာဆိုတော့ သူ့ ရဲ့ အပြုအမူသူတို့ ရဲ့ စရိုက်တွေဟာဆိုရင် မိဘတွေနဲ့ တိုက်ရိုက်ပက်သက်နေတာပါ။ ပြီးတော့ သူ့ ရဲ့ ဘ၀ရှေ့ ရေးဟာဆိုရင်ဖြင့်မိဘတွေရဲ့ လက်ထဲမှာရှိတာပါ။
တချို့ မိဘတွေရှိပါတယ်။ ရှေးအယူအဆကြီးတွေမစွန့် နိုင်။ ခေတ်ကိုလဲ အမီမလိုက်။ သားသမီးရဲ့ ပညာရေးကိုတောင် ပိတ်ပင်တဲ့ မိဘတွေရှိတယ်ဆိုရင် ယုံနိုင်မလား။
ဒီတော့ကာ မြန်မာနိုင်ငံမှာရှိတဲ့ မိဘတွေကို သားသမီးကိုဘယ်လိုပုံသွင်းပြီးဘယ်လိုအမွေမျိုးပေးရမယ်ဆိုတဲ့ ပညာပေးတွေများများလုပ်ပေးဖို့ လိုပါတယ်။ သားသမီးကို လိမ္မာရေးတရားရှိအောင်၊ ညဏ်စဉ်ပွင့်လင်းအောင် အခြေခံမျိုးစေ့ ကောင်းတွေချပေးနိုင်မှ သားကောင်းသမီးကောင်းတွေ ပေါ်ထွန်းလာနိုင်မှာပါ။ သားကောင်းသမီးကောင်းတွေဖြစ်လာမှတော့ မိဘကိုကျေးဇူးကိုသိပြီး မိဘကိုပြုစုလုပ်ကျွေးဖို့ ဆိုတာကို သူတို့ ပညာနဲ့ သူတို့  အလိုလိုတတ်သိနားလည်မှာပါ။ ဘာစာပေဘာစကားတွေနဲ့ မှ လှုံ့ဆော်ပေးစရာတောင်လိုမယ်မထင်ပါဘူး။
မြန်မာဗွီဒီယို ရုပ်ရှင်တော်တော်များများကို ကြည့်တဲ့ အခါမှာ မိသားစုတစ်စုကို ရိုက်ပြတယ်။ အဲဒီမှာ ပညာတတ်သားသမီးတွေကြားထဲမှာ ပညာမတတ်တဲ့ သားတစ်ယောက်ကိုထည့်ရိုက်ထားတယ်။ သိကြပြီးဖြစ်တဲ့ အတိုင်း။ အဲဒီတစ်ယောက်ကမင်းသားပေါ့။ ဒီတော့ ဘာကိုရိုက်ပြလဲဆိုတော့ ပညာတတ်သားသမီးတွေရဲ့မိဘအပေါ်မသိတတ်မှူ၊ယုတ်မာမိုက်ရိုင်းမှူ၊၊ ပညာမတတ်တဲ့သား( မင်းသား) ရဲ့ တတ်သိနားလည်မှူ။ ဒီတော့ ရိုးသားပြီး အသိပညာနည်းပါးတဲ့ မြန်မာမိဘအများစုက ဘာကိုနားလည်တုန်းဆိုတော့ ပညာတတ်ရင် မိုက်ရိုင်းတယ်တဲ့ ။ ပညာမတတ်မှ လိမ္မာရေးတရားရှိတယ်တဲ့ ။ မယုံမရှိနဲ့ နော်။ အဲဒါလက်တွေ့ ။
တစ်ခုရှိသေးတယ်။ ချမ်းသာတဲ့ သားသမီးနဲ့ ဆင်းရဲတဲ့ သားသမီးနဲ့ ယှဉ်ရိုက်ပြတဲ့ အခါ၊ ဆင်းရဲသားလေးခမျာ မိဘကို ကူညီလုပ်ကိုင်ပြီး ကျောင်းစာကိုကြိုးစားသတဲ့ ။ ၁၀တန်းကိုလဲ ဂုဏ်ထူးတွေတသီကြီးနဲ့ အောင်မြင်သွားကြတယ်။ ချမ်းသာတဲ့ သားသမီးများခမျာမှာတော့ ၁၀တန်းကို တဘုန်းဘုန်းကျ။ ကဲ....အဲလိုကိစ္စမျိုးကြီးတွေဟာ လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေနဲ့ ဘယ်လိုဖြစ်နိုင်ပါ့မလဲဗျာ။
ဒီလိုကားမျိုးတွေ ရိုက်ပြမယ့်အစား ပညာတတ်သားသမီးတွေရဲ့အတွေးအခေါ်မြင့်မားမှူ ၊ လူနေမူ့ ဘ၀မြင့်မားမူ၊ မိဘအပေါ်နားလည်သိတတ်မှူဒါတွေကိုရိုက်ပြပါလား၊ ပြီးတော့ ပညာမဲ့ တွေရဲ့ မဆင်မခြင်မိုက်ရူးရဲဆန်မှူ၊ နောက်ဆုံးဘ၀အမှောင်ထဲကို ရောက်သွားမှူ ။ ဒါတွေကိုနားလည်အောင်ရိုက်ပြနိုင်ရင် မြန်မာပြည်မှာရှိတဲ့ မိဘတွေပညာရေးရဲ့တန်ဖိုးကိုသိမယ်။ ကိုယ့်သားသမီးကို ဘယ်လိုပုံစံသွင်းဆုံးမရမယ်၊ ဘယ်လိုမျိုးလမ်းညွန်ပြုစုပျိုးထောင်ရမယ်ဆိုတာနားလည်သွားကြမှာပါ။ ဒီလိုသာဆိုရင် မိဘတွေဟာ သားကောင်းရတနာလေးတွေကို အများအပြားမွေးထုတ်ပေးနိုင်မှာပါ။ မြန်မာနိုင်ငံကြီးအတွက်လဲ တိုးတက်ရာတိုးတက်ကြောင်းပေါ့ဗျာ။
ကဲဗျာ.... ဒီလောက်ဆိုရင်ကျွန်တော်ဘာပြောချင်လဲဆိုတာ သိလောက်ရောပေါ့ဗျာ။
ကျေးဇူးတင်ပါတယ်။

Thursday, January 8, 2009

လူမိုက်ကြီး

ငါမျိုချလိုက်တယ်
ဆေးခါးကြီးတစ်ခွက်မဟုတ်ပေမယ့်
အဲဒါ အဆိပ်ခွက် ...

ပူလောင်လိုက်တာ
ခန္ဓာကိုယ်တစ်ခုလုံးသာမကဘူး
စေတသိက်အထိကို ...

သေလောက်အောင်ခံစားရတော့မယ်
ချက်ချင်းကြီးတော့မဟုတ်ဘူး
တစ်ဘ၀လုံးတမြေ့မြေ့ ...

ဝါးပင် ...
ငှက်ပျောပင် ...
အဿထိုရ်မြင်းမ ...
ငါ.......

ခံလိုက်ပေါ့လေ
ခံလိုက်ပေါ့
မင်းခံလိုက်ပေါ့ ...

Saturday, January 3, 2009

ကျေးဇူးသိတတ်သော သူရဲကောင်း

ကျွန်တော်တို့ ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ သမိုင်းစာအုပ်တစ်အုပ်မှာပါတဲ့  အကြောင်းအရာလေးတစ်ခုပါ။ သဘောထားကြီးသော ငါးစီးရှင်ကျော်စွာ တဲ့ ။
ကျွန်တော်ငယ်ငယ်ကတော့ တော်တော်မျက်စိလည်တယ်။ ရေးထားတော့ကျေးဇူးသိတတ်သော ငခင်ညိုအကြောင်းကို အဓိကထားရေးထားပြီး ခေါင်းစဉ်က သဘောထားကြီးသောငါးစီးရှင်ကျော်စွာတဲ့။ ထားပါတော့လေ။ပြောချင်တာလေးကိုပဲ အဓိကထားပြောတော့မယ်။
အားလုံးသိထားပြီးဖြစ်ပေမယ့် နည်းနည်းလေးတော့ အကျဉ်းချုပ်ပြောချင်ပါတယ်။ ငါးစီးရှင်ကျော်စွာက သူ့ ရဲ့ ကျွန်တစ်ယောက်ဖြစ်တဲ့ ငခင်ညိုကို စစ်ကိုင်းမင်း အသင်္ခယာစောယွမ်းကို လုပ်ကြံဖို့ စေခိုင်းလိုက်တယ်။ ငခင်ညို့ခင်မျာ စောယွမ်းကို လုပ်ကြံဖို့ အခွင့်အလမ်းမသာသေးတော့ စစ်ကိုင်းမှာ ပုန်းရှောင်နေခဲ့တာ ၃ရက်လောက် ကြာတယ်။ အစာရေစာလဲ ငတ်ပြတ်လို့ ပေါ့။ အခွင့်သာတဲ့နေ့  စောယွမ်းကိုလုပ်ကြံဖို့  နန်းတော်ကိုဝင်တော့ နတ်ကွန်းမှာ စောယွမ်းတင်ထားတဲ့  ဆွမ်းထမင်းကို တွေ့ တော့ သူစားမိခဲ့တယ်။ ပြီးမှ အသင်္ခယာစောယွမ်းစက်တော်ခေါ်နေတဲ့ သလွန်ဆီကိုအရောက်သွားပြီး လုပ်ကြံဖို့ ဓားကိုချွတ်လိုက်တဲ့အချိန်ကျ သူတွေးမိလိုက်တာက “ သြော်........ သူ့ ထမင်းကို ခုပဲစားပြီး သူ့ ကိုလုပ်ကြံလိုက်ရင် ငါ့လောက် ကျေးဇူးကန်းတဲ့သူ ဘယ်မှာရှိနိင်ပါ့မလဲ”။ ဒါပေမယ့်တဖက်ကလဲ သခင်ပေးလိုက်တဲ့တာဝန်။ သူစဉ်းစားရပြီပေါ့။ တာဝန်နဲ့ကျေးဇူးတရား။ ကိုယ့်ရဲ့အသက်နဲ့ ကျေးဇူးတရားပေါ့။ ဘာဖြစ်လို့လဲဆိုရင် တာဝန်မကျေရင် ( ရှေးခေတ်အပဒေသရာဇ်စနစ်အတိုင်း) ဘုရင့်ရဲ့ အမျက်တော်ရှပြီး သေဒဏ်ပေးခံနိုင်ရကိန်းရှိတယ်လေ။ တစ်ခုကိုပဲရွေးရတော့မယ်။ နှစ်ခုလုံးကိုတော့ရွေးလို့ မရတော့ဘူး။
သူ သုံးကြိမ်သုံးခါစဉ်းစားပြီး နောက်ဆုံး စောယွမ်းကိုလုပ်ကြံခွင့်ရတဲ့အထိ သခင့်တာဝန်ကို ကျေပွန်ခဲ့တယ်ဆိုတာ သက်သေပြနိုင်အောင် စောယွမ်းကိုင်ဆောင်တဲ့  ပတ္တမြားကျောက်စီဓားကိုပဲယူခဲ့ပြီး ထမင်းတလုပ်စားဘူးတဲ့ကျေးဇူးတရားကိုပဲရွေးခဲ့တယ်။ လေးစားလိုက်တာဗျာ။ ဘာမှမသိတတ်သေးတဲ့ ကလေးဘ၀တုန်းကတောင် ငခင်ညိုကို နှစ်သက်ခဲ့တယ်။ တဖြည်းဖြည်းပိုပြီးအသိဥာဏ်ရင့်ကျက်လာတဲ့အခါကျတော့ ငခင်ညိုအကြောင်းတွေးမိတိုင်း ကြက်သီးထမိလောက်အောင်ကိုပဲ လေးစားအားကျခဲ့ရပါတယ်။
သို့ သော် ငခင်ညိုဟာကံကောင်းလှပါတယ်။ သူ့ ရဲ့သခင်ငါးစီးရှင်ကျော်စွာက သူ့ ကို အပြစ်မယူတဲ့အပြင် တစ်နပ်စားဖူးတဲ့ စောယွမ်းရဲ့ကျေးဇူးကိုတောင် သိတတ်က အစဉ်ကျွေးမွေးခဲ့သော ငါ၏ကျေးဇူးကိုကား ဆိုဖွယ်ရှိမည်မဟုတ်ဆိုပြီး ၀မ်းမြောက်ဝမ်းသာချီးကျူးပြီးတော့ ဆုလာဘ်များစွာ ချီးမြှင့်ခဲ့တယ်။
လေးစားအားကျမိပါတယ် ငခင်ညို။
ကြည်ညိုမိပါတယ် ငါးစီးရှင်ကျော်စွာ။