Saturday, January 3, 2009

ကျေးဇူးသိတတ်သော သူရဲကောင်း

ကျွန်တော်တို့ ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ သမိုင်းစာအုပ်တစ်အုပ်မှာပါတဲ့  အကြောင်းအရာလေးတစ်ခုပါ။ သဘောထားကြီးသော ငါးစီးရှင်ကျော်စွာ တဲ့ ။
ကျွန်တော်ငယ်ငယ်ကတော့ တော်တော်မျက်စိလည်တယ်။ ရေးထားတော့ကျေးဇူးသိတတ်သော ငခင်ညိုအကြောင်းကို အဓိကထားရေးထားပြီး ခေါင်းစဉ်က သဘောထားကြီးသောငါးစီးရှင်ကျော်စွာတဲ့။ ထားပါတော့လေ။ပြောချင်တာလေးကိုပဲ အဓိကထားပြောတော့မယ်။
အားလုံးသိထားပြီးဖြစ်ပေမယ့် နည်းနည်းလေးတော့ အကျဉ်းချုပ်ပြောချင်ပါတယ်။ ငါးစီးရှင်ကျော်စွာက သူ့ ရဲ့ ကျွန်တစ်ယောက်ဖြစ်တဲ့ ငခင်ညိုကို စစ်ကိုင်းမင်း အသင်္ခယာစောယွမ်းကို လုပ်ကြံဖို့ စေခိုင်းလိုက်တယ်။ ငခင်ညို့ခင်မျာ စောယွမ်းကို လုပ်ကြံဖို့ အခွင့်အလမ်းမသာသေးတော့ စစ်ကိုင်းမှာ ပုန်းရှောင်နေခဲ့တာ ၃ရက်လောက် ကြာတယ်။ အစာရေစာလဲ ငတ်ပြတ်လို့ ပေါ့။ အခွင့်သာတဲ့နေ့  စောယွမ်းကိုလုပ်ကြံဖို့  နန်းတော်ကိုဝင်တော့ နတ်ကွန်းမှာ စောယွမ်းတင်ထားတဲ့  ဆွမ်းထမင်းကို တွေ့ တော့ သူစားမိခဲ့တယ်။ ပြီးမှ အသင်္ခယာစောယွမ်းစက်တော်ခေါ်နေတဲ့ သလွန်ဆီကိုအရောက်သွားပြီး လုပ်ကြံဖို့ ဓားကိုချွတ်လိုက်တဲ့အချိန်ကျ သူတွေးမိလိုက်တာက “ သြော်........ သူ့ ထမင်းကို ခုပဲစားပြီး သူ့ ကိုလုပ်ကြံလိုက်ရင် ငါ့လောက် ကျေးဇူးကန်းတဲ့သူ ဘယ်မှာရှိနိင်ပါ့မလဲ”။ ဒါပေမယ့်တဖက်ကလဲ သခင်ပေးလိုက်တဲ့တာဝန်။ သူစဉ်းစားရပြီပေါ့။ တာဝန်နဲ့ကျေးဇူးတရား။ ကိုယ့်ရဲ့အသက်နဲ့ ကျေးဇူးတရားပေါ့။ ဘာဖြစ်လို့လဲဆိုရင် တာဝန်မကျေရင် ( ရှေးခေတ်အပဒေသရာဇ်စနစ်အတိုင်း) ဘုရင့်ရဲ့ အမျက်တော်ရှပြီး သေဒဏ်ပေးခံနိုင်ရကိန်းရှိတယ်လေ။ တစ်ခုကိုပဲရွေးရတော့မယ်။ နှစ်ခုလုံးကိုတော့ရွေးလို့ မရတော့ဘူး။
သူ သုံးကြိမ်သုံးခါစဉ်းစားပြီး နောက်ဆုံး စောယွမ်းကိုလုပ်ကြံခွင့်ရတဲ့အထိ သခင့်တာဝန်ကို ကျေပွန်ခဲ့တယ်ဆိုတာ သက်သေပြနိုင်အောင် စောယွမ်းကိုင်ဆောင်တဲ့  ပတ္တမြားကျောက်စီဓားကိုပဲယူခဲ့ပြီး ထမင်းတလုပ်စားဘူးတဲ့ကျေးဇူးတရားကိုပဲရွေးခဲ့တယ်။ လေးစားလိုက်တာဗျာ။ ဘာမှမသိတတ်သေးတဲ့ ကလေးဘ၀တုန်းကတောင် ငခင်ညိုကို နှစ်သက်ခဲ့တယ်။ တဖြည်းဖြည်းပိုပြီးအသိဥာဏ်ရင့်ကျက်လာတဲ့အခါကျတော့ ငခင်ညိုအကြောင်းတွေးမိတိုင်း ကြက်သီးထမိလောက်အောင်ကိုပဲ လေးစားအားကျခဲ့ရပါတယ်။
သို့ သော် ငခင်ညိုဟာကံကောင်းလှပါတယ်။ သူ့ ရဲ့သခင်ငါးစီးရှင်ကျော်စွာက သူ့ ကို အပြစ်မယူတဲ့အပြင် တစ်နပ်စားဖူးတဲ့ စောယွမ်းရဲ့ကျေးဇူးကိုတောင် သိတတ်က အစဉ်ကျွေးမွေးခဲ့သော ငါ၏ကျေးဇူးကိုကား ဆိုဖွယ်ရှိမည်မဟုတ်ဆိုပြီး ၀မ်းမြောက်ဝမ်းသာချီးကျူးပြီးတော့ ဆုလာဘ်များစွာ ချီးမြှင့်ခဲ့တယ်။
လေးစားအားကျမိပါတယ် ငခင်ညို။
ကြည်ညိုမိပါတယ် ငါးစီးရှင်ကျော်စွာ။

1 comment:

Min Myat Soe said...

Post ကောင်းလေးကို လာဖတ်သွားပါတယ်ဗျာ