Friday, December 19, 2008

ဆောင်လိုက်ကြစို့  ပျော်ပျော်

မင်္ဂလာဆောင်အကြောင်းမဟုတ်ဘူးနော်။
အခွန်တော်အကြောင်းပါဗျာ။ အခြားအခွန်တွေတော့ ကျွန်တော့်လိုနလပိန်းတုံးတစ်ယောက်က ဘာမှနားမလည်လို့  မရေးတော့ပါဘူးဗျာ။ ခုလို နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေတဲ့သူတွေ ဆောင်နေတဲ့ (၀င်ငွေခွန်လို့ ထင်ပါတယ်) အခွန်တော်အကြာင်းပါဗျာ။
သူငယ်ချင်းတွေ အခွန်ဆောင်ပြီးပြန်လာရင် အရမ်းညည်းတတ်ကြလွန်းလို့  သူတို့ တွေ စိတ်အပန်းပြေနိုင်အောင် ၀မ်းသာစရာဖက်က လှည့်ပြီး ခံစားပေးတာပါ။
အခွန်တော်တဲ့ ။ ကျွန်တော်တို့ မြန်မာ့ထုံးတမ်းစဉ်လာမှာ တော် ဆိုတဲ့ အသုံးအနှုန်းက ထီးသုံးနန်းသုံး မြင့်မြတ်တဲ့အသုံးအနှုန်းဖြစ်ပါတယ်။ ဒီလိုမြင့်မြတ်တဲ့ အခွန်တော်ကြီးကို ထမ်းဆောင်ခွင့်ရတယ်ဆိုကတည်းက နည်းတဲ့ကုသိုလ်ထူးမဟုတ်ဘူးနော်။ မြန်မာနိုင်ငံသားတွေမို့ ဒီလိုအခွင့်အရေးရတာမှတ်ပါ ။ အခြား ဖိလစ်ပိုင်၊ အိန္ဒိယ၊ ထိုင်း တို့ ဆိုရင်ကျွန်တော်တို့ လို အခွန်ဆောင်ခွင့်မရရှာကြဘူးနော်။

ကိုယ့်မြေကိုယ့်ရေမှာ အရာရာခေတ်မီဖွ့ံဖြိုးနေသော်လည်းပဲ၊ စားနပ်ရိက္ခာ ဖူလုံသော်လည်းပဲ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများနေသော်လည်းပဲ ကမ္ဘာနဲ့ရင်ဘောင်တန်းပြီး အလုပ်လုပ်ကိုင်နိုင်ဖို့ ရာ၊ ကမ္ဘာမှာ မြန်မာဟေ့လို့  မြန်မာ့စွမ်းရည်ကို ပြသနိုင်ဖို့ ရာအတွက် ကျွန်တော်တို့မြန်မာနိုင်ငံသားတွေဟာ နိင်ငံတကာကိုသွားရောက်ပြီး ခေါင်းမော့ရင်ကော့စွာနဲ့  ကြွားကြွားဝင့်ဝင့် လုပ်ကိုင်နေကြပါတယ်။ မြန်မာနိုင်ငံသားလို့ ပြောလိုက်ကတည်းက အမျိုးဂုဏ်ဇာတိဂုဏ်နဲ့  ပြည့်ဝတဲ့သူတွေမှန်းသိလို ဘယ်သူကမှ နှိမ့်နှိမ့်ချချမဆက်ဆံရဲကြပါဘူး။ ဒါတွေကတော့ ကမ္ဘာမှာ မြန်မာဆိုတာကို ဂုဏ်သိက္ခာရှိရှိနဲ့  ရပ်တည်နိုင်အောင် ထိန်းသိမ်းစောက်ရှောက်လာခဲ့တဲ့ နိုင်ငံတော်အုပ်ချုပ်သူတွေရဲ့ စွမ်းရည်ကြောင့်ဆိုတာကိုငြင်းပယ်ဖွယ်မရှိပါဘူး။

ဒါ့အပြင် နိုင်ငံတော်က ပြည်ပတွင်လုပ်ကိုင်နေသူများအတွက် အခွန်တော်ကို တစ်လလျှင် လစာရဲ့ ၁၀% ကောက်ခံစေ လို့  ပြဌာန်းထားသော်လည်းပဲ လစာတစ်လကို၁၈၀၀ဒေါ်လာ ရတဲ့ S-pass သမားများကို ၈၀၀ဒေါ်လာ နှုန်းနဲ့ ၊ လစာတစ်လကို ၆၀၀ဒေါ်လာ အထက်ရတဲ့ အလုပ်ကြမ်းသမားများကို ၃၅ ဒေါ်လာနုန်းနဲ့ ၊ စသည်ဖြင့်ပေါ့ဗျာ အထူးလျှော့ပေါ့ပြီး ထမ်းဆောင်ခွင့်ပေးတာကိုလဲ အားလုံးအသိပဲ မဟုတ်ပါလားဗျာ။

ပြောကြတယ်ဗျာ။ ဆောင်ရတဲ့အခွန်က စာရင်းအင်းလဲ မရှိဘူးဆိုလားပဲ။
ကျွန်တော်ပြောချင်တယ်ဗျာ။ ကျွန်တော်ငယ်ငယ်တုန်းက ကျောင်းတက်စဉ်ကပေါ့။ တစ်ခုခု လှူကြတန်းကြဟေ့ဆိုရင် မောင်ဘယ်သူက ဘယ်လောက် မဘယ်သူက ဘယ်လောက် စသည်ဖြင့် စာရင်းအင်းနဲ့ အတိအကျကောက်ရင် စိတ်မပျော်ဘူးဗျ။ ကိုယ့်စေတနာက အဓိကလို့ ပဲ မှတ်ယူခဲ့တယ်။ ခုလိုနိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းကနေပံ့ပိုးပေးနေတဲ့ကိစ္စမှာ စာရင်းအင်းမရှိဘူးဆိုရင်လဲ ကျွန်တော်က ကျေနပ်ပါတယ်ဗျာ။ ကျေနပ်သင့်ပါတယ်ဗျာ။

အခွန်တော်တွေဘယ်ရောက်ကုန်မှန်းမသိဘူးတဲ့ ။
ကျွန်တော်နိုင်ငံခြားကိုမလာခင်အထိပေါ့လေ။ မြ၀တီ၊ မြန်မာ့ရုပ်သံစတဲ့  အသံလွှင့်ဌာနတွေ၊ ကြေးမုံ၊ မြန့်မာ့အလင်းအစရှိတဲ့ သတင်းစာတွေမှာ ရွှန်းရွှန်းဝေအောင်ပါနေတဲ့ ဖော်ပြပေးနေတဲ့ မြန်မာနိုင်ငံရဲ့ တိုးတက်ဖွံ့ ဖြိုးနေတဲ့ ပုံရိပ်ပေါ့လေ။ မျက်စိထဲမှာပြေးမြင်မိတယ်။ ကျွန်တော်တို့ လို နိုင်ငံ့သားကောင်းတွေရှိလို့ ဒီလိုဖွံ့ ဖြိုးနေတာပေါ့ဗျာ။ ကျွန်တော်တို့ ထမ်းဆောင်နေတဲ့ အခွန်တော်တွေကလဲ တဖက်တလမ်းကနေ နိုင်ငံတော်ကြီးကို ပံ့ပိုးပေးနေတာ မြေကြီးလက်ခတ်မလွဲပါဘူးဗျာ။ ခုလို တီဗွီနဲ့ သတင်းစာ မကြည့်နိုင်တော့တဲ့ အချိန်အတွင်းမှာဆိုရင်တော့ အရှိန်အဟုန်နဲ့ တိုးတက်ဖွ့ံဖြိုးနေတဲ့ နိုင်ငံတော်ကြီးကို ကျွန်တော်ပြန်ရောက်ရင် မှတ်တောင်မှတ်မိနိုင်ပါ့မလားမသိဘူး။

နိုင်ငံတော်အကြီးအကဲတွေလာပြီး ဆေးကုသမှူခံယူရင်သုံးတယ်တဲ့။သြော်... ကိုယ့်နိုင်ငံအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနေတဲ့သူတွေပဲလေ။ လုပ်ပေးရမှာပေါ့ဗျ။ ဘာတဲ့.... သူတို့သားသမီးတွေ လေယဉ်နဲ့ အသွားအပြန်ကျောင်းတက်တယ်၊ မိသားစု ရှော့ပင်းလာထွက်တယ်... သြော် ဟုတ်မယ်မထင်ပါဘူးဗျာ။ ဟုတ်သော်လည်းဘာအရေးလဲဗျာ။ ကျွန်တော်တို့ ပြည်ပအလုပ်သမားတွေ တစ်ရက်ကိုဆောင်ပေးနေတဲ့အခွန်က ပျမ်းမျှဒေါ်လာတစ်သိန်းလောက်တောင်ရှိတာပဲ။ ဒါတောင် စင်္ကာပူတင်နော်။ မလေးရှား၊ ဂျပန်၊ အမေရိကန်၊ ကိုရီးယား၊ ထိုင်း၊ သြစတြေးလျ စတဲ့ နိုင်ငံတွေတောင်မပါသေးဘူး။ဒီတော့ဗျာ သူတို့ သုံးတာ ဘာလောက်မှ မကုန်ပါဘူး၊ ကုန်တော့ကောဘာဖြစ်လဲဗျာ။ ကိုယ့်နိုင်ငံတော်ကြီး အရှိန်အဟုန်နဲ့ တိုးတက်ဖွံ့ ဖြိုးအောင်လုပ်ပေးနေတဲ့သူတွေပဲဟာကို။

သက်တမ်းတိုးရင် ဒေါ်လာ၃၀၀ပေးရတယ်၊ သက်တမ်းက ၃ နှစ်ပဲရတယ်။ အိန္ဒိယဆိုရင် ၁၀ နှစ်၊ ထိုင်းဆိုရင် ၅ နှစ်တောင်ရတယ်၊ သက်တမ်းတိုးခကလဲ ဆယ်ဂဏန်းပဲပေးရတယ်။
သြော် ကိုယ့်ဆရာတို့ ရယ်။ မီးဝေးရင်ချိတ်မာတယ်တဲ့။ သက်တမ်းကို အများကြီးပေးထားရင် ကိုယ့်မြန်မာနိင်ငံသားတွေ သံရုံးနဲ့ ဝေးသွားပြီး အမိမဲ့သားရေနည်းငါးလိုဖြစ်ကုန်မှာပေါ့။ သူများနိုင်ငံမှာအလုပ်လာလုပ်တဲ့သူတွေအဖို့  သံရုံးသာ အမိ သံရုံးသာ အဖ ဆိုတာကိုလဲ သိသားနဲ့ ။ ရင်ခွင်ပိုက်ပြီးစောက်ရှောက်နေတဲ့ သံရုံးနဲ့  အဆက်အသွယ်မပြတ်စေချင်တဲ့သဘောဖြစ်ပါလိမ့်မယ်။

ကဲကဲ ဒီလောက်ဆိုရင် ကိုယ့်ရဲ့တန်ဖိုး ကိုယ်ထမ်းဆောင်လိုက်တဲ့ အခွန်တော်ကြီးရဲ့တန်ဖိုးကို သိပြီပေါ့နော်။
ဒါဆိုရင်
ဆောင်လိုက်ကြစို့ ပျော်ပျော်နော်

Sunday, December 14, 2008

ဆောင်းတစ်ည

မင်္ဂလာဧည့်ခန်းမတွင် ဧည့်ပရိတ်သတ်တို့ စုံလင်စွာရောက်ရှိနေကြပြီ။ အားလုံး၏စိတ်ဝင်စားရာသည် သတို့ သားနှင့်သတို့ သမီးဝင်လာမည့် ခန်းမပေါက်ဝဆီသို့ သာ။ ခန်းမအ၀င်ပေါက်၏အဝေးဆုံးဒေါင့်တစ်နေရာတွင် တစ်ဦးတည်းထိုင်နေသောလူငယ်၏ မျက်လုံးများကလည်း ခန်းမပေါက်ဝဆီသို့ သာ...ထူးခြားတာကတော့ သူ၏မျက်လုံးအစုံတွင် စိုးရိမ်လွန်ကဲမှူတွေအပြည့်နှင့်... သူဘာကိုစိုးရိမ်နေတာလဲ..... သူနှင့်သတို့သမီးတို့ နှစ်ဦးသာသိကြပါသည်။

+ + + + + + + + + + + +

မိတ်ကပ်လိမ်းဆရာစိတ်ညစ်နေသည်။ သတို့ သမီးသည်မျက်ရည်ခဏခဏကျနေသည်။ သူမဘာကိုတွေးနေသလဲဆိုတာကို အတွေ့ အကြုံအရသူသိသည်။ သူမ၏ချစ်သူကိုသတိရနေလို့ နေမှာပေါ့။ ခုလက်ထပ်ရမယ့် သတို့ သားကို သူမ မစုံမက်လို့ နေမှာပေါ့။ ဒါမျိုးတွေက ရိုးနေပါပြီ။

+ + + + + + + + + + + +

တစ်သက်တွင်တစ်ခါသာချစ်မြတ်နိုးရသူ။ သူက ကျမအပေါ်အရိပ်တကြည့်ကြည့်နဲ့ ချစ်မြတ်နိုးသတဲ့။ အရာရာကိုခံစားလွယ်ပြီး စိတ်ထဲရှိတာကို မျက်နှာတွင် ထင်းခနဲပေါ်နေစေတတ်သော ကျမကို သူစိတ်ချဘူးတဲ့။
ခုချိန်ဆို ကျမကို အမြဲဂရုစိုက်ပြီးချစ်မြတ်နိုးတဲ့ မောင်တစ်ယောက် ဧည့်ခန်းမထဲတွင် ရောက်နေပြီပေါ့။ ကျမအတွက်စိုးရိမ်လို့ တဲ့လေ။ နောက်ဆုံးအချိန်လေးအထိကျမကို လိုက်ပြီးစောင့်ရှောက်ပေးချင်တဲ့ မောင့်ရဲ့အချစ်ကို ကျမနားလည်ပါတယ် မောင် ။ ဒါပေမယ့် မောင်ရယ် .................. မောင့်မျက်နှာကိုမြင်ရင် ကျမပိုပြီးခံစားရမယ်ဆိုတာ မောင်တစ်ယောက်မသိလေရော့သလားကွယ်။ ကျမက မောင်မဟုတ်ဘူးလေကွယ်။ မောင့်လို ဟန်ဆောင်တတ်ဘူး။ ခံစားမှူကို မျက်နှာမှာ မပေါ်လွင်အောင်မထိန်းသိမ်းနိုင်ဘူးလေ မောင်ရဲ့။ မောင်ပြောဘူးတာမှတ်မိပါတယ်။ မောင့်ဘေးမှာကျမရှိနေတယ်ဆိုတဲ့အသိကလေးက မောင့်ရဲ့စိတ်ဆန္ဒကိုပြည့်ဝစေပါသတဲ့ ။ ကျမကတော့မောင်နဲ့မတူပါဘူး။ မောင်သာကျမဘေးမှာ ကျမအသိထဲမှာရှိနေတဲ့အချိန်မှာ ကျမရဲ့အာရုံက ဘာကိုမှ အလုပ်လုပ်လို့ မရပါဘူး။ ဒီတော့မောင်ရယ် ကျမရှေ့ မှာ ဆိုတာထက်ကို ကျမရှိနေတဲ့ မြေပေါ်မှာကို မောင့်ကိုကျမ ရှိမနေစေချင်တာပါ။ အခုလိုမျိုးအခါသမယမှာ ကျမရဲ့အတွေးထဲ အာရုံထဲကနေ မောင့်ကို အတင်းထုတ်ထားရမှာလေမောင်။ကျမက ကျမရဲ့ သတို့ သားနဲ့ တွဲပြီး အများဗိုလ်ပုံအလယ်မှာ ၀မ်းသာပျော်ရွှင်ဟန်ဆောင်နေရမှာလေ ကျမရဲ့ စိတ်ကို မောင်မဖတ်တတ်လေရော့သလားကွယ်။ အရာရာကို အကောင်းဆုံးဖြစ်အောင်သာ လုပ်တတ်တဲ့ မောင်က မောင်သိပ်ချစ်တဲ့ကျမအတွက် နောက်ဆုံးအချိန်ထိ အကောင်းဆုံးဖြစ်အောင်လုပ်ပေးနေပေမယ့် ကျမရဲ့စိတ်ကို မောင်မဖတ်တတ်လေရော့သလားကွယ်။

+ + + + + + + + + + + +

မင်္ဂလာကားငယ်သည် ခန်းမရှိရာ ခြံဝင်းအတွင်း တဖြည်းဖြည်းလှိမ့်ဝင်၍ လာချေပြီ။ ကင်မရာဆရာလေးသည် အကောင်းဆုံး ဓာတ်ပုံကိုရရန်အတွက် ဟိုးဘက်ချိန်လိုက် ဒီဘက်ချိန်လိုက်နဲ့ အလုပ်ရှုပ်နေသည်။ ဟာ....... သတို့ သမီး .. သတို့ သားလက်လှမ်းပေးနေတာကို ဆွဲယူလိုက်လေ ။ ခန်းမထဲက ပရိတ်သတ်က ဘယ်မှမပြေးပါဘူးဗျာ။ ခင်ဗျားတို့ ကိုပဲ စောင့်နေတာပါ။သတို့ သားရဲ့မျက်နှာကိုကြည့် ။ ဟာ နည်းနည်းလေးပြုံးပေးပါ။ ဘယ်လိုသတို့ သမီးပါလိမ့် ။


+ + + + + + + + + + + +

သူမ မျက်နှာလေးသည် အရမ်းကို အပြစ်ကင်းစင်လှသည်။ သူမပျော်ရွှင်နေသောအချိန်တွင် အရမ်းချစ်စရာကောင်းသောကလေးတစ်ယောက်အသွင်ရှိ၍ သူမညှိုးငယ်နေသောအချိန်တွင် ထွေးပိုက်ချော့မြူချင်စိတ်ကို မထိန်းနိုင်အောင် သူမသည်ဆွဲဆောင်မှူအပြည့်ရှိသည်လေ။ သူမကို ကျွန်တော်အရမ်းချစ်ခဲ့သည်။ ဒါကြောင့်လဲ သူမငြင်းပယ်သည့် ကြားထဲက သူမကို မရ ရအောင်လက်ထပ်ရန်ကြိုးစားခဲ့သည်။ ခုတော့ သူမမျက်နှာလေးသည် အရမ်းသနားစရာကောင်းလောက်အောင် ပျက်ယွင်းနေပေပြီ။ ကိုယ်မှားသွားပြီလား။


+ + + + + + + + + + + +

မောင် ကျမကိုစိတ်မချလို့  ဧည့်ခန်းမထဲက ထွက်လာပြီ။ မောင့်ကို ကျမမြင်ရပြီ။ မောင့်မျက်နှာလေးက ကျမကို အားတင်းထားပါကွယ်ဟု ပြောနေသယောင်။ ကျမလက်ကို ဆွဲကိုင်ထားသော သတို့ သားကိုမော့ကြည့်မိသည်။ ယူကျုံးမရဖြစ်နေသော အသွင်ကထင်ရှားနေသည်။ ကျမ ပြိုလဲတော့မည်။ အို...... အားတင်းထားစမ်းပါ။ အားလုံးအတွက်လေ။
မရဘူး။ ကျမ မရတော့ဘူး။ မောင်..... နောက်ဆို၇င် မောင့်ကို ကျမချစ်တယ်ချစ်တယ်လို့  ပြောခွင့်၇တော့မှာမဟုတ်ဘူး။ မောင့်အသံသြရှရှလေးနဲ့  ကျွန်တော်အရမ်းချစ်တယ်ဗျာ ဆိုတာကို ကျမကြားခွင့်ရတော့မှာ မဟုတ်ဘူး။ ကျမ မချစ် တဲ့ သူရဲ့ရင်ခွင်မှာ ဘာမှန်းမသိသော အိမ်ထောင်ရေးနှင့် ဘ၀ကိုဖြတ်သန်းရတော့မည်။ ကျမထွက်ပြေးချင်ပြီ။ ပြေးချင်ပြီ။ ပြေးပြီ။ ကျမနောက်က မလိုက်ခဲ့ပါနဲ့ ။ ဘယ်သူမှမလိုက်ခဲ့ပါနဲ့ ။ အားလုံးနဲ့ ဝေးရာမှာပဲနေပါ့ရစေ။ မောင့်ရဲ့ အသံကို ကြားလိုက်ရသည်။ '' လမ်းကိုမကူးနဲ့  လမ်းကိုမကူးနဲ.....့  ရှေ့ မှာ.....ကား........ ကား.............''
ကျမစူးရှစွာ အော်လိုက်မိသည်။


+ + + + + + + + + + + +

ရင်ဘတ်တစ်ခုလုံးနာကျင်နေသည်။ အပြင်ဘက်တွင်လည်း အရမ်းအေးနေသည်။ သြော် ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက်တဲ့ ။ မောင့်ကို လွမ်းနေတယ်မောင်........



" နှလုံးသား၏တစ်ထောင့်တွင်" မှ သင့်လျော်အောင်ဘာသာပြန်ထားပါသည်။
ကျေးဇူးတင်ပါသည်။

Saturday, December 13, 2008

ကျွန်တော့်သူဌေး

ကျွန်တော်အလုပ်လုပ်နေတာက စင်္ကာပူမှာရှိတဲ့ Jurong Island မှာပေါ့ဗျာ။ကျွန်းကြီးက နဂိုက အကျယ်ကြီးမဟုတ်ပေမယ့် အခုတော့ အခြားနိုင်ငံက သဲတွေဝယ် ဖို ထားလို့  ခုဆို၇င်တော်တော်ကျယ်နေပါပြီ။ ကျွန်းပေါ်မှာကစက်ရုံတွေချည်းပဲ။ များသောအားဖြင့်တော့ရေနံချက်စက်ရုံတွေဆိုတော့အရမ်းအန္တရာယ်များပါတယ်။ဒါကြောင့် လုံခြုံရေးကို တင်းတင်းကြပ်ကြပ် ချထားရတာပေါ့။ ကျွန်းထဲကိုဝင်ပြီဆိုရင် Access ကဒ်နဲ့ ဝင်ရတာ။ အလုပ်သမားတွေဘယ်လောက်များလဲဆိုရင် မနက်ခင်းအ၀င်ဆိုရင် ၈လမ်းသွားလမ်းမကြီးကို ၆ လမ်းက အ၀င်အတွက်ဖွင့်ထားပေးရတယ်။ ကျွန်တော်အလုပ်လုပ်နေတဲ့ ကျွန်းအကြောင်းကို ပြောပြတာပါ။
အဲဒီနေ့မနက်ကပေါ့ဗျာ။ ကျွန်တော့်အလုပ်သမားတစ်ယောက် သူ့ ရဲAccess ကဒ်က ပျက်နေတော့ဝင်မရဘူး။ သက်တမ်းကုန်နေတာမဟုတ်ပဲ ကိုင်တာမရိုသေလို့ ကြောင့်လား ကဒ်ကိုကပဲ ဟောင်းနေလို့ ပဲလားမသိဘူး. ၀င်လို့ မရတော့ အသစ်ပြန်လုပ်ရတယ်။ လုပ်ခက ၁၀ ဒေါ်လာပေးရပါတယ်။
ကျွန်တော်ကတော့ ရုံးကနေ လိုအပ်တဲ့စာရွက်စာတမ်းနဲ့ သူ့ အတွက် transport စီစဉ်ပေးပါတယ်။
ပြန်လာတဲ့အခါကျတော့ အဲဒီအလုပ်သမားက သူ ပေးခဲ့ရတဲ့ ၁၀ ဒေါ်လာကို ပြန် claim တယ်။ ကျွန်တော်ပြောလိုက်တယ်။ အရင် အလုပ်သမား ၄ ယောက်လဲ အဲလိုဖြစ်ဖူးတယ်။ သူဌေးက ကိုယ့်ကြောင့်ပျက်စီးလို့ အသစ်လုပ်၇တာကိုယ့်ဟာကိုပေးလို့ ပြောတယ်လို့ ။ အဲဒီတော့ သူက သူဌေးလာရင် ၀င်တွေ့ ပြီးတောင်းမယ်ပေါ့။ ကျွန်တော်ကလဲ ဒီကောင်တော့ သူဌေးအော်တာခံရဦးမှာဆိုပြီး နည်းနည်းပြုံးလိုက်မိသေးတယ်။
ညနေအလုပ်ဆင်းချိန်ကျတော့ ဒီကောင်ရုံးခန်းထဲဝင်လာပြီး ဖြတ်ပိုင်းလေးပြပြီး သူဌေးဆီပိုက်ဆံတောင်းတာပေါ့။ အဲ သူဌေးက ထုတ်ပေးလိုက်သဗျာ။ ဒီကောင်လဲ ပျော်ပြီး ကျွန်တော့်ကိုတောင် လှောင်ပြုံးလေးတောင်ပြုံးပြသွားပါသေးတယ်။ သူရခဲ့ပြီပေါ့။
သူထွက်သွားတော့ ကျွန်တော်က သူဌေးကိုပြောတယ်။ အရင်လူတွေကျမပေးဘူး။ခုကျတော့ပေးတယ်။ နောက်လူတွေကျတော့ ကျွန်တော်ဘယ်လိုစီမံရမလဲလို့ ပေါ့။ အဲဒီတော့ ဖုန်းမို - သွားပြန်တောင်းချည်တဲ့။ ဟီဟီ တော်တော်တော်တဲ့သူဌေး။ ကိုယ်ကလဲ သူဌေးကိုဘယ်လောက်ကြောက်ရသလဲဆိုတော့ ကျွန်တော်မတောင်းချင်ပါဘူးလို့ ပြန်ပြောလိုက်တယ်။ဟဲဟဲ
ကျွန်တော်လဲကိုယ့်အလုပ်ကိုယ်ဆက်လုပ်နေလို့ သူဌေးအပြင်ထွက်သွားတာတောင်မသိလိုက်ပါဘူး။ ခဏနေတော့သူဌေးက ၁၀ ဒေါ်လာတန်လေးကိုင်လို့  စပ်ဖြီးစပ်ဖြီးနဲ့  ၀င်လာပြီး ဖုန်းမို - ငါပြန်တောင်းခဲ့ပြီ ဒီမှာဆိုပြီးပြပါလေတယ်ဗျား။ တော်တော်ချစ်ဖို့ ကောင်းတဲ့သူဌေး။ ကျွန်တော်တော့မနေနိုင်ဘူး ၊ ဟန်ကိုမဆောင်နိုင်တာ။ သူ့ ရှေ့ တင် အားရပါးရကို ရယ်ချလိုက်တော့တာပဲ။ ကလေးကလား ၊ ပေးထားပြီး ၁၀ဒေါ်လာကို ပြန်တောင်းတယ်လို့ ။ အထူးသဖြင့် ရယ်မောပျော်ရွှင်ကျေနပ်နေတဲ့  သူဌေးရဲ့မျက်နှာပေါ့ ကျွန်တော်အဲလိုအားရပါးရ နှစ်နှစ်ခြိုက်ခြိုက် မရယ်ခဲ့ရတဲ့နှစ်တွေကြာပါပြီကောဗျာ။