Sunday, December 14, 2008

ဆောင်းတစ်ည

မင်္ဂလာဧည့်ခန်းမတွင် ဧည့်ပရိတ်သတ်တို့ စုံလင်စွာရောက်ရှိနေကြပြီ။ အားလုံး၏စိတ်ဝင်စားရာသည် သတို့ သားနှင့်သတို့ သမီးဝင်လာမည့် ခန်းမပေါက်ဝဆီသို့ သာ။ ခန်းမအ၀င်ပေါက်၏အဝေးဆုံးဒေါင့်တစ်နေရာတွင် တစ်ဦးတည်းထိုင်နေသောလူငယ်၏ မျက်လုံးများကလည်း ခန်းမပေါက်ဝဆီသို့ သာ...ထူးခြားတာကတော့ သူ၏မျက်လုံးအစုံတွင် စိုးရိမ်လွန်ကဲမှူတွေအပြည့်နှင့်... သူဘာကိုစိုးရိမ်နေတာလဲ..... သူနှင့်သတို့သမီးတို့ နှစ်ဦးသာသိကြပါသည်။

+ + + + + + + + + + + +

မိတ်ကပ်လိမ်းဆရာစိတ်ညစ်နေသည်။ သတို့ သမီးသည်မျက်ရည်ခဏခဏကျနေသည်။ သူမဘာကိုတွေးနေသလဲဆိုတာကို အတွေ့ အကြုံအရသူသိသည်။ သူမ၏ချစ်သူကိုသတိရနေလို့ နေမှာပေါ့။ ခုလက်ထပ်ရမယ့် သတို့ သားကို သူမ မစုံမက်လို့ နေမှာပေါ့။ ဒါမျိုးတွေက ရိုးနေပါပြီ။

+ + + + + + + + + + + +

တစ်သက်တွင်တစ်ခါသာချစ်မြတ်နိုးရသူ။ သူက ကျမအပေါ်အရိပ်တကြည့်ကြည့်နဲ့ ချစ်မြတ်နိုးသတဲ့။ အရာရာကိုခံစားလွယ်ပြီး စိတ်ထဲရှိတာကို မျက်နှာတွင် ထင်းခနဲပေါ်နေစေတတ်သော ကျမကို သူစိတ်ချဘူးတဲ့။
ခုချိန်ဆို ကျမကို အမြဲဂရုစိုက်ပြီးချစ်မြတ်နိုးတဲ့ မောင်တစ်ယောက် ဧည့်ခန်းမထဲတွင် ရောက်နေပြီပေါ့။ ကျမအတွက်စိုးရိမ်လို့ တဲ့လေ။ နောက်ဆုံးအချိန်လေးအထိကျမကို လိုက်ပြီးစောင့်ရှောက်ပေးချင်တဲ့ မောင့်ရဲ့အချစ်ကို ကျမနားလည်ပါတယ် မောင် ။ ဒါပေမယ့် မောင်ရယ် .................. မောင့်မျက်နှာကိုမြင်ရင် ကျမပိုပြီးခံစားရမယ်ဆိုတာ မောင်တစ်ယောက်မသိလေရော့သလားကွယ်။ ကျမက မောင်မဟုတ်ဘူးလေကွယ်။ မောင့်လို ဟန်ဆောင်တတ်ဘူး။ ခံစားမှူကို မျက်နှာမှာ မပေါ်လွင်အောင်မထိန်းသိမ်းနိုင်ဘူးလေ မောင်ရဲ့။ မောင်ပြောဘူးတာမှတ်မိပါတယ်။ မောင့်ဘေးမှာကျမရှိနေတယ်ဆိုတဲ့အသိကလေးက မောင့်ရဲ့စိတ်ဆန္ဒကိုပြည့်ဝစေပါသတဲ့ ။ ကျမကတော့မောင်နဲ့မတူပါဘူး။ မောင်သာကျမဘေးမှာ ကျမအသိထဲမှာရှိနေတဲ့အချိန်မှာ ကျမရဲ့အာရုံက ဘာကိုမှ အလုပ်လုပ်လို့ မရပါဘူး။ ဒီတော့မောင်ရယ် ကျမရှေ့ မှာ ဆိုတာထက်ကို ကျမရှိနေတဲ့ မြေပေါ်မှာကို မောင့်ကိုကျမ ရှိမနေစေချင်တာပါ။ အခုလိုမျိုးအခါသမယမှာ ကျမရဲ့အတွေးထဲ အာရုံထဲကနေ မောင့်ကို အတင်းထုတ်ထားရမှာလေမောင်။ကျမက ကျမရဲ့ သတို့ သားနဲ့ တွဲပြီး အများဗိုလ်ပုံအလယ်မှာ ၀မ်းသာပျော်ရွှင်ဟန်ဆောင်နေရမှာလေ ကျမရဲ့ စိတ်ကို မောင်မဖတ်တတ်လေရော့သလားကွယ်။ အရာရာကို အကောင်းဆုံးဖြစ်အောင်သာ လုပ်တတ်တဲ့ မောင်က မောင်သိပ်ချစ်တဲ့ကျမအတွက် နောက်ဆုံးအချိန်ထိ အကောင်းဆုံးဖြစ်အောင်လုပ်ပေးနေပေမယ့် ကျမရဲ့စိတ်ကို မောင်မဖတ်တတ်လေရော့သလားကွယ်။

+ + + + + + + + + + + +

မင်္ဂလာကားငယ်သည် ခန်းမရှိရာ ခြံဝင်းအတွင်း တဖြည်းဖြည်းလှိမ့်ဝင်၍ လာချေပြီ။ ကင်မရာဆရာလေးသည် အကောင်းဆုံး ဓာတ်ပုံကိုရရန်အတွက် ဟိုးဘက်ချိန်လိုက် ဒီဘက်ချိန်လိုက်နဲ့ အလုပ်ရှုပ်နေသည်။ ဟာ....... သတို့ သမီး .. သတို့ သားလက်လှမ်းပေးနေတာကို ဆွဲယူလိုက်လေ ။ ခန်းမထဲက ပရိတ်သတ်က ဘယ်မှမပြေးပါဘူးဗျာ။ ခင်ဗျားတို့ ကိုပဲ စောင့်နေတာပါ။သတို့ သားရဲ့မျက်နှာကိုကြည့် ။ ဟာ နည်းနည်းလေးပြုံးပေးပါ။ ဘယ်လိုသတို့ သမီးပါလိမ့် ။


+ + + + + + + + + + + +

သူမ မျက်နှာလေးသည် အရမ်းကို အပြစ်ကင်းစင်လှသည်။ သူမပျော်ရွှင်နေသောအချိန်တွင် အရမ်းချစ်စရာကောင်းသောကလေးတစ်ယောက်အသွင်ရှိ၍ သူမညှိုးငယ်နေသောအချိန်တွင် ထွေးပိုက်ချော့မြူချင်စိတ်ကို မထိန်းနိုင်အောင် သူမသည်ဆွဲဆောင်မှူအပြည့်ရှိသည်လေ။ သူမကို ကျွန်တော်အရမ်းချစ်ခဲ့သည်။ ဒါကြောင့်လဲ သူမငြင်းပယ်သည့် ကြားထဲက သူမကို မရ ရအောင်လက်ထပ်ရန်ကြိုးစားခဲ့သည်။ ခုတော့ သူမမျက်နှာလေးသည် အရမ်းသနားစရာကောင်းလောက်အောင် ပျက်ယွင်းနေပေပြီ။ ကိုယ်မှားသွားပြီလား။


+ + + + + + + + + + + +

မောင် ကျမကိုစိတ်မချလို့  ဧည့်ခန်းမထဲက ထွက်လာပြီ။ မောင့်ကို ကျမမြင်ရပြီ။ မောင့်မျက်နှာလေးက ကျမကို အားတင်းထားပါကွယ်ဟု ပြောနေသယောင်။ ကျမလက်ကို ဆွဲကိုင်ထားသော သတို့ သားကိုမော့ကြည့်မိသည်။ ယူကျုံးမရဖြစ်နေသော အသွင်ကထင်ရှားနေသည်။ ကျမ ပြိုလဲတော့မည်။ အို...... အားတင်းထားစမ်းပါ။ အားလုံးအတွက်လေ။
မရဘူး။ ကျမ မရတော့ဘူး။ မောင်..... နောက်ဆို၇င် မောင့်ကို ကျမချစ်တယ်ချစ်တယ်လို့  ပြောခွင့်၇တော့မှာမဟုတ်ဘူး။ မောင့်အသံသြရှရှလေးနဲ့  ကျွန်တော်အရမ်းချစ်တယ်ဗျာ ဆိုတာကို ကျမကြားခွင့်ရတော့မှာ မဟုတ်ဘူး။ ကျမ မချစ် တဲ့ သူရဲ့ရင်ခွင်မှာ ဘာမှန်းမသိသော အိမ်ထောင်ရေးနှင့် ဘ၀ကိုဖြတ်သန်းရတော့မည်။ ကျမထွက်ပြေးချင်ပြီ။ ပြေးချင်ပြီ။ ပြေးပြီ။ ကျမနောက်က မလိုက်ခဲ့ပါနဲ့ ။ ဘယ်သူမှမလိုက်ခဲ့ပါနဲ့ ။ အားလုံးနဲ့ ဝေးရာမှာပဲနေပါ့ရစေ။ မောင့်ရဲ့ အသံကို ကြားလိုက်ရသည်။ '' လမ်းကိုမကူးနဲ့  လမ်းကိုမကူးနဲ.....့  ရှေ့ မှာ.....ကား........ ကား.............''
ကျမစူးရှစွာ အော်လိုက်မိသည်။


+ + + + + + + + + + + +

ရင်ဘတ်တစ်ခုလုံးနာကျင်နေသည်။ အပြင်ဘက်တွင်လည်း အရမ်းအေးနေသည်။ သြော် ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက်တဲ့ ။ မောင့်ကို လွမ်းနေတယ်မောင်........



" နှလုံးသား၏တစ်ထောင့်တွင်" မှ သင့်လျော်အောင်ဘာသာပြန်ထားပါသည်။
ကျေးဇူးတင်ပါသည်။

2 comments:

Saing Khan Tun said...

ဟာ .... ဆက်ရေးဘူးလာကွ ..... ဒါပဲလားကွ .....

မြတ်ဖုန်းမို said...
This comment has been removed by the author.