Sunday, March 14, 2010

ကျွန်တော်နှင့်အိပ်မက်များ

အဖေ၊ အမေနဲ့ ကျွန်တော်။ စုစုပေါင်းသုံးယောက်ထိုင်နေတဲ့ နေရာကို ကျွန်တော့်ရဲ့တစ်ဦးတည်းသောညီမအငယ်ဆုံးလေးက မျက်နှာငယ်လေးနဲ့ ရောက်လာတယ်။ သူက မေးခွန်းတစ်ခုကိုမေးချင်လို့ တဲ့။ သူမေးချင်တဲ့မေးခွန်းက အမေက ဘာဖြစ်လို့  ကျောင်းဆရာမ မဖြစ်တာလဲတဲ့။ သူ့ စိတ်ထဲမှာ အမေက ပညာတတ်မဟုတ်တဲ့အတွက် အားငယ်နေတဲ့ ပုံစံမျိုးပါပဲ။ အဲဒီအချိန်မှာ အဖေက တော်တော်ဒေါသထွက်သွားပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ညီမလေးကိုကြည့်တယ်။ ညီမလေးရဲ့မျက်နှာ ညှိုးသွားတယ်။ သူကြောက်နေတယ်။ သူဝမ်းနည်းသွားတယ်။ ကျွန်တော် ညီမလေးကို အနားကို ခေါ်ပြီးတော့ အမေတို့ ငယ်ငယ်တုန်းက ရွာမှာပဲကြီးပြင်းလာရတာဆိုတော့ ပညာမသင်ခဲ့ရဘူးလေ။ ဒါကြောင့် ဆရာမ မဖြစ်တာပေါ့လို့ ချော့မော့ပြောဆိုလိုက်တယ်။ အဲဒီအချိန်မှာ အဖေက ညီမလေးကို ထရိုက်ဖို့ ကြိုးစားတယ်။ ကျွန်တော်က ကြားက၀င်လိုက်တယ်။ အဖေက ဒီကိစ္စကို ဘယ်လိုဖြေရှင်းပေးချင်လို့လဲ။ ကလေးကိုရိုက်လိုက်တာနဲ့၊ ကလေးကိုခြောက်လိုက်တာနဲ့ ကိစ္စကပြေလည်သွားမလားဆိုပြီး ပြန်ပြောတော့ အဖေက ကျွန်တော့်ကို ရိုက်ဖို့ ကြိုးစားတယ်။ ကျွန်တော်ကလဲ ကျွန်တော်ခုလိုမျိုး အခက်အခဲတွေ ဒုက္ခတွေ တွေ့ နေရတာ အဖေတို့ ကြောင့်၊ ကျွန်တော် တစ်ခုခုဆို သိမ်ငယ်သလိုခံစားနေရတာ အဖေတို့ ကြောင့်၊ လုပ်ငန်းခွင်ထဲမှာ မပြေလည်ရတာ အဖေတို့ ကြောင့်ဆိုပြီး စိတ်တွေ ထိန်းမရဖြစ်လာပြီး အဖေ့ကို ပြန်ရိုက်တယ်။ ကျွန်တော်စီးနေတဲ့ဖိနပ်နဲ့ ပြန်ရိုက်တယ်။
အဲလိုအိပ်မက်မက်ပြီး ကျွန်တော်စိတ်နှလုံးမကြည်လင်စွာနဲ့ နိုးထလာခဲ့ပါတယ်။ အဲလိုအိပ်မက်မျိုးတော့ ကျွန်တော် ဘယ်တော့မှမမက်ချင်ပါဘူး။ အ၇င်တစ်ခါကလဲ အိပ်မက်ထဲမှာ အဖေနဲ့ အမေကို ၀ါးလုံးရှည်ကြီးနဲ့ အငြှိုးတကြီး ရိုက်ဘူးခဲ့ပြီ။ အဲလိုတွေမက်ပြီးတိုင်းလဲ ကျွန်တော်စိတ်ပင်ပန်းရတယ်။ ကိုယ့်ကိုယ်ကိုယ်လဲ စက်ဆုပ်မိတယ်။
ခုတစ်ခါအိပ်မက်ထပ်မက်တော့ အရင်လ ရန်ကုန်မှာ ကြုံခဲ့ရတဲ့အဖြစ်ကလေးကို သတိရမိတယ်။
ကျွန်တော့် ဇနီးရဲ့ ဆွေမျိုးတစ်စုနဲ့ စားသောက်ဆိုင်လေးတစ်ဆိုင်မှာ ညစာစားသောက်ကြတုန်းကပေါ့။ ကျွန်တော့်ဇနီးရဲ့ သုံးနှစ်သားအရွယ် တူလေးက စားပွဲဝိုင်းတစ်ခုလုံးလျှောက်ပတ်ဆော့ပြီးစားသောက်နေတာပါ။ ဆွေမျိုးတွေစုံစုံညီညီနဲ့ စလိုက်နောက်လိုက်ပျော်စရာကောင်းတဲ့ပွဲလေးပါပဲ။ အဲလိုပျော်ရွှင်နေကြတဲ့အချိန်မှာ ကလေးလေးကြောင့် လိမ္မော်ရည်ဖန်ခွက်တစ်ခွက်ကျကွဲသွားတယ်။ စားသောက်ဝိုင်းတစ်ခုလုံးရုတ်တရက်ငြိမ်ကျသွားတယ်။ ဒီတော့ ကလေးလဲ ကြောက်သွားတယ်။ မျက်နှာလေးက ငယ်သွားလိုက်တာ သနားစရာလေး။ အဲဒီအချိန်မှာပဲ ဘေးနားက အဘွားလုပ်တဲ့ သားလေး ဖန်ခွက်ကွဲတွေ ရှကုန်မယ်ဆိုပြီး ကလေးကို နေရာကနေဖယ်လိုက်တယ်။ ကျန်တဲ့ မိသားစုဝင်တွေကလဲ ဘာမှမဖြစ်သလိုပဲ ကလေးကို ပြန်ပြီး စနောက်ရင်းနဲ့ အာရုံလွှဲလိုက်ကြတယ်။ ကလေးငယ်လဲ ဘာမှမဖြစ်ခဲ့သလိုပဲ ချက်ချင်းနဂိုအတိုင်းဖြစ်သွားတယ်။ အခြားသူတွေတော့မသိဘူး ကျွန်တော်ကတော့ တွေးလိုက်မိတယ်။ ငယ်စဉ်တုန်းက ကိုယ့်ရဲ့ ရင်သွေးငယ်လေးတွေကြောက်လန့် စိုးရိမ်နေတဲ့အချိန်မှာ ကလေးမိဘတွေက ဘယ်လိုတုန့် ပြန်မှူတွေပေးခဲ့သလဲဆိုတာပဲ။ ကလေးဆော့တာကို အပြစ်တစ်ခုလုပ်ပြီး ကလေးကို ဆူပူကြိမ်း မောင်းကြမလား၊ ကလေးရဲ့ စိတ်ထဲမှာ ဒဏ်ရာမရအောင် ကလေးကို ဖေးမလား။(သင်ဆိုရင်ကော ဘာလုပ်ဖြစ်မလဲ)
ကျွန်တော်က ငယ်စဉ်ကတည်းက ၀မ်းနည်းတတ်ပါတယ်။ သိမ်ငယ်တတ်ပါတယ်။
ကျွန်တော့်အိပ်မက်တွေက အဲဒါတွေနဲ့ များ ပက်သက်နေမလား။
ဘာပဲဖြစ်ဖြစ် အဲလိုအိပ်မက်တွေကို မုန်းတယ်။