Tuesday, July 28, 2009

ခွေးလေး ၊ ကြိုးနှင့်  စက်ဘီး

ခွေးလေး ၊ ကြိုးနှင့်  စက်ဘီး

တစ်ခါတုန်းက ကောင်လေးတစ်ယောက်မှာ ခွေးလေးတစ်ကောင်ရှိခဲ့တယ်။
ခွေးလေးဟာ လူတစ်ယောက်နဲ့ မခြား တတ်သိနားလည်ပြီး အလွန်ကို လိမ္မာတဲ့ခွေးလေးပါတဲ့။
ကောင်လေးကလဲ သူ့ ခွေးလေးကိုသိပ်ချစ်တာပေါ့။
ဒါပေမယ့် ခွေးကလေးမှာ ချို့ ယွင်းချက်ရှိတယ်။
အဲဒါကဘာလဲဆိုတော့ သူဟာ စက်ဘီးဆို အရမ်းကြောက်တယ်တဲ့။
အိမ်ရှေ့ကနေ စက်ဘီးတစ်စီးဖြတ်သွားတယ်ဆို၇င်ပဲ ခွေးကလေးဟာ အိမ်ထဲကိုပြေးဝင်လာပြီး
ကုတင်အောက်မှာ ထိတ်လန့် ကြီးစွာ ပုန်းအောင်းနေရတယ်။
ဒါကို ကောင်လေးက မကျေနပ်ဘူး၊ အားမရဘူး။
စက်ဘီးဆိုတာ ကြောက်စရာမဟုတ်မှန်း ခွေးကလေးသိအောင် သူကြိုးစားခဲ့ပါတယ်။
ကောင်လေးက ခွေးလေးကို သစ်ပင်တစ်ပင်မှာ ကြိုးတစ်ချောင်းနဲ့ ချည်နှောင်ထားလိုက်တယ်။
အဲဒီနောက်မှာ သစ်ပင်ကိုပတ်ပြီး စက်ဘီးစီးပါတယ်။
ခွေးကလေးဟာ အရမ်းသနားစရာကောင်းအောင် တအီအီအော်ပြီး ကြောက်ရွ့ံ့နေရှာတယ်။
ကောင်လေးဟာ စက်ဘီးကိုရပ်မပေးပါဘူး။
စက်ဘီးဆိုတာ ကြောက်စရာမဟုတ်မှန်း ခွေးကလေးသိအောင် သူဆက်စီးခဲ့တယ်။
နောက်ဆုံးမှာတော့ ခွေးကလေးဟာ ကြောက်လန့် တဲ့ စိတ်နဲ့ ပဲ နေရာမှာတင်သေဆုံးသွားခဲ့ပါတယ်။
ကောင်ကလေးစေတနာဟာ ဝေဒနာဖြစ်သွားခဲ့ရတယ်။
အဲနေ့ ညမှာပဲ ကောင်လေး အိပ်မက်မက်ပါတယ်။
အိပ်မက်ထဲမှာ ခွေးကလေးကပြောတယ်။
သူ့ မှာအရင်ဘ၀က စက်ဘီးအတိုက်ခံရပြီးသေဆုံးသွားခဲ့ရလို့ ဒီဘ၀မှာ စက်ဘီးဆိုရင် ကြောက်လန့် ခဲ့ရတယ်။
စက်ဘီးနဲ့ လဲ ဝေးအောင်နေတယ်။
ဒါပေမယ့် သခင်ကြောင့် သည်ဘ၀မှာလဲ စက်ဘီးနဲ့ သေခဲ့ရပြီ။
သခင်မယုံရင် စုံစမ်းဖို့ ဆိုပြီး အရင်ဘ၀က မိဘတွေရဲ့ နေ၇ပ်လိပ်စာကိုပါ ပြောပြသွားခဲ့ပါတယ်။
နောက်တစ်နေ့ မှာ ကောင်လေးသွားစုံစမ်းကြည့်တော့ အမှန်တကယ်ဖြစ်နေတာကိုတွေ့ ခဲ့ရတယ်။
ဖြစ်ရပ်မှန်မဂ္ဂဇင်းမှာပါတဲ့ အကြောင်းအရာလေးတစ်ရပ်ပါ။
ခွေးကလေးကတော့ သခင်ကကြိုးချည်ခဲ့လို့  သူ့ ရဲ့ခံစားချက်ကို သခင်ကို ထုတ်ပြောခွင့်ရခဲ့တယ်။
ကိုယ့်ဟာကိုယ် ကြိုးချည်ခဲ့မိတဲ့ကျွန်တော်ကတော့ …………………..

Friday, March 6, 2009

အချစ်ဆိုတဲ့ သစ်ပင်လေး

အချစ်တဲ့။
ဘယ်သူမဆိုအချစ်ဆိုတဲ့အရာကို လိုချင်ကြတယ်။
အဲဒီအချစ်ကို ရတဲ့သူတွေရှိသလို မရရှိခဲ့တဲ့သူတွေလဲရှိတယ်။
ရရှိပြီးမှ မထိန်းသိမ်းတတ်လို့ ၊ တန်ဖိုးမထားတတ်လို့ အချစ်နဲ့ဝေးသွားကြတဲ့သူတွေရှိသလို လုံးဝလက်လွတ်ဆုံးရှုံးလိုက်ရတဲ့သူတွေလဲ ဒုနဲ့ဒေးပါ။
တကယ်တမ်းတွေးကြည့်တော့ အချစ်ဆိုတာဘာလဲ။ ကျွန်တော်သိထားတဲ့ အချစ်ဆိုတာကတော့ ဘာမှ မဟုတ်ပါဘူး။ အချစ်ဆိုတာ အချစ်ပါပဲ။ တကယ်တမ်းတစ်ယောက်ကိုတစ်ယောက် ရင်ထဲအသည်းထဲကနေ နင့်နင့်ကာကာကို ချစ်နေကြပြီဆိုရင်ဖြင့် အချစ်ဆိုတာကို အဓိပ္ပါယ်ဖွင့်လို့ မရတော့ပါဘူး။ အဲဒီအချစ်ဟာ ကိုယ့် ရဲ့ အယူအဆတွေ ကိုယ့်ရဲ့ အတ္ထတွေ ကိုယ့်ရဲ့မာနတွေကိုတောင် အလိုလိုအရည်ပျော်ကျပျောက်ကွယ်စေပါတယ်။
သူကပိုချစ်တယ်၊ ငါကပိုချစ်တယ်လို့ ထင်နေကြသေးတယ်ဆိုရင် အဲဒါအချစ်မဟုတ်သေးပါဘူး။ တကယ်တမ်းချစ်တယ်ဆိုရင် ချစ်နေရတာလေးကိုက အရသာလေးရှိနေပြီး သူသာတယ် ငါသာတယ်ဆိုတာမျိုးမရှိတော့ဘူး။ နှစ်ဦးနှစ်ဖက်အပြန်အလှန်ချစ်ကြတာပဲဖြစ်ဖြစ်၊ တဖက်သတ်ချစ်နေတာမျိုးပဲဖြစ်ဖြစ် ကိုယ့်ချစ်သူအတွက် ကိုယ်ဖြည့်ဆည်းပေးလိုက်ရတာ ကိုယ်ပေးဆပ်လိုက်ရတာလေးကိုက ကိုယ့်အတွက် ကျေနပ်ပီတိဖြစ်စရာလေးပါ။ အဲဒီအချစ်မှာပြန်လည်ရလိုမူဆိုတာလဲ ကင်းဝေးနေပါသေးတယ်။ ကိုယ့်ချစ်သူအဆင်ပြေနေရင်၊ ပြုံးပျော်ရွှင်နေရင် ကိုယ်ကအလိုလိုပီတိတွေဖြစ်တတ်ပါတယ်။ ကိုယ့်ချစ်သူမှာကိုယ်နဲ့ မကိုက်ညီတဲ့သဘောတရားတွေ၊ စရိုက်တွေရှိနေတာတောင် အဲဒါလေးတွေကို အပြစ်လို့ မမြင်ဘဲ နားလည်ကျေနပ်နိုင်ပါသေးတယ်။
အချစ်ဆိုတာမျိုးဟာ ရှာဖွေနေလို့ လဲ တွေ့ ရှိနိုင်တဲ့ အရာမျိုးမဟုတ်ပါဘူး။ တစ်ခါတစ်လေ ရင်ထဲကိုရောက်နေတာတောင် မသိလိုက်တဲ့အခါမျိုးလဲ ရှိတတ်ပါတယ်။
အဲလိုအချစ်မျိုးရင်ထဲရောက်နေပြီ၊ ကိုယ်ပိုင်ဆိုင်ထားရပြီဆိုရင် အဲဒီ အချစ်ဆိုတဲ့သစ်ပင်လေး ရင်ထဲမှာ အမြဲရှင်သန်ကြီးထွားနေအောင်၊ အမြဲလန်းဆန်းနေအောင် ပြုစုစောက်ရှောက်ဖို့ တာဝန်ရှိပါတယ်။ ဒါပေမယ့် အဲဒါကို လူတော်တော်များများသတိမထားမိကြဘူး။ မေ့လျော့နေကြတယ်။ဖာသိဖာသာနေကြတာများတယ်။ အချစ်ဆိုတဲ့ သစ်ပင်လေးကို တယုတယတန်ဖိုးထားပြီးထိန်းသိမ်းပြုစုဖို့ ထက် ကိုယ့်ရဲ့ ပင်ကိုယ်ဗီဇ၊ ပင်ကိုယ်ဝါသနာ၊ ပင်ကိုယ်စရိုက်အတိုင်းပဲ နေသွားတတ်ကြတယ်။ ဒါကြောင့်လဲ ရင်ထဲမှာဖွံ့ ဖြိုးစ ပြုနေတဲ့ အချစ်ဆိုတဲ့ သစ်ပင်လေးဟာ တဖြည်းဖြည်း အာဟာရပြတ်လပ်ပြီး သေဆုံးသွားပါတယ်။အဲဒီလို ကျွန်တော်တို့ ဘ၀မှာရခဲလှတဲ့ အချစ်ဆိုတဲ့သစ်ပင်လေးကို ပြုစုဂရုစိုက်ဖို့ မမေ့ ကြပါနဲ့ ။ ဒီလိုဂရုစိုက်တဲ့အခါမှာ ကိုယ့်ရင်ထဲမှာရှိနေတဲ့ အချစ်သစ်ပင်လေးကိုသာမက သူ့ ရင်ထဲမှာရှိနေတဲ့ အချစ်သစ်ပင်လေးကိုပါ နှစ်ဦးနှစ်ဖက်အပြန်အလှန် ဂရုတစိုက်ထိန်းသိမ်းသွားကြမယ်ဆိုရင် ကျွန်တော်တို့ တွေ ပိုင်ဆိုင်ရရှိနေတဲ့ အချစ်ဆိုတဲ့သစ်ပင်လေးဟာ ကျွန်တော်တို့ အသက်ရှိနေသမျှ ရှင်သန်နေမှာပါ။ အဲဒီအချစ်ဆိုတဲ့သစ်ပင်လေးကြောင့်လဲ ကျွန်တော်တို့ တွေရဲ့ နေနေရတဲ့ ဘ၀ကို ကျေနပ်ပီတိတွေဖြစ်နေကြမှာပါ။ ကျွန်တော်တို့ တင်မက ကျွန်တော်တို့ ပတ်ဝန်းကျင်ကလူတွေတောင် အားကျအတုယူစရာအဖြစ်တည်ရှိနေမှာပါ။ အဲလောက်ချစ်စရာကောင်းတဲ့အချစ်ကို တန်ဖိုးထားပြီး ချစ်နေကြသူနှစ်ယောက်စလုံး ဂရုတစိုက်ထိန်းသိမ်းသင့်ပါတယ်။ ကျွန်တော်ဆိုလိုချင်တာကတော့ သင့်ကြောင့် အချစ်ဆိုတဲ့သစ်ပင်လေး မညှိုးနွမ်း မပျက်စီး မသေဆုံးပါစေနဲ့  လို့ ။