Sunday, March 14, 2010

ကျွန်တော်နှင့်အိပ်မက်များ

အဖေ၊ အမေနဲ့ ကျွန်တော်။ စုစုပေါင်းသုံးယောက်ထိုင်နေတဲ့ နေရာကို ကျွန်တော့်ရဲ့တစ်ဦးတည်းသောညီမအငယ်ဆုံးလေးက မျက်နှာငယ်လေးနဲ့ ရောက်လာတယ်။ သူက မေးခွန်းတစ်ခုကိုမေးချင်လို့ တဲ့။ သူမေးချင်တဲ့မေးခွန်းက အမေက ဘာဖြစ်လို့  ကျောင်းဆရာမ မဖြစ်တာလဲတဲ့။ သူ့ စိတ်ထဲမှာ အမေက ပညာတတ်မဟုတ်တဲ့အတွက် အားငယ်နေတဲ့ ပုံစံမျိုးပါပဲ။ အဲဒီအချိန်မှာ အဖေက တော်တော်ဒေါသထွက်သွားပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ညီမလေးကိုကြည့်တယ်။ ညီမလေးရဲ့မျက်နှာ ညှိုးသွားတယ်။ သူကြောက်နေတယ်။ သူဝမ်းနည်းသွားတယ်။ ကျွန်တော် ညီမလေးကို အနားကို ခေါ်ပြီးတော့ အမေတို့ ငယ်ငယ်တုန်းက ရွာမှာပဲကြီးပြင်းလာရတာဆိုတော့ ပညာမသင်ခဲ့ရဘူးလေ။ ဒါကြောင့် ဆရာမ မဖြစ်တာပေါ့လို့ ချော့မော့ပြောဆိုလိုက်တယ်။ အဲဒီအချိန်မှာ အဖေက ညီမလေးကို ထရိုက်ဖို့ ကြိုးစားတယ်။ ကျွန်တော်က ကြားက၀င်လိုက်တယ်။ အဖေက ဒီကိစ္စကို ဘယ်လိုဖြေရှင်းပေးချင်လို့လဲ။ ကလေးကိုရိုက်လိုက်တာနဲ့၊ ကလေးကိုခြောက်လိုက်တာနဲ့ ကိစ္စကပြေလည်သွားမလားဆိုပြီး ပြန်ပြောတော့ အဖေက ကျွန်တော့်ကို ရိုက်ဖို့ ကြိုးစားတယ်။ ကျွန်တော်ကလဲ ကျွန်တော်ခုလိုမျိုး အခက်အခဲတွေ ဒုက္ခတွေ တွေ့ နေရတာ အဖေတို့ ကြောင့်၊ ကျွန်တော် တစ်ခုခုဆို သိမ်ငယ်သလိုခံစားနေရတာ အဖေတို့ ကြောင့်၊ လုပ်ငန်းခွင်ထဲမှာ မပြေလည်ရတာ အဖေတို့ ကြောင့်ဆိုပြီး စိတ်တွေ ထိန်းမရဖြစ်လာပြီး အဖေ့ကို ပြန်ရိုက်တယ်။ ကျွန်တော်စီးနေတဲ့ဖိနပ်နဲ့ ပြန်ရိုက်တယ်။
အဲလိုအိပ်မက်မက်ပြီး ကျွန်တော်စိတ်နှလုံးမကြည်လင်စွာနဲ့ နိုးထလာခဲ့ပါတယ်။ အဲလိုအိပ်မက်မျိုးတော့ ကျွန်တော် ဘယ်တော့မှမမက်ချင်ပါဘူး။ အ၇င်တစ်ခါကလဲ အိပ်မက်ထဲမှာ အဖေနဲ့ အမေကို ၀ါးလုံးရှည်ကြီးနဲ့ အငြှိုးတကြီး ရိုက်ဘူးခဲ့ပြီ။ အဲလိုတွေမက်ပြီးတိုင်းလဲ ကျွန်တော်စိတ်ပင်ပန်းရတယ်။ ကိုယ့်ကိုယ်ကိုယ်လဲ စက်ဆုပ်မိတယ်။
ခုတစ်ခါအိပ်မက်ထပ်မက်တော့ အရင်လ ရန်ကုန်မှာ ကြုံခဲ့ရတဲ့အဖြစ်ကလေးကို သတိရမိတယ်။
ကျွန်တော့် ဇနီးရဲ့ ဆွေမျိုးတစ်စုနဲ့ စားသောက်ဆိုင်လေးတစ်ဆိုင်မှာ ညစာစားသောက်ကြတုန်းကပေါ့။ ကျွန်တော့်ဇနီးရဲ့ သုံးနှစ်သားအရွယ် တူလေးက စားပွဲဝိုင်းတစ်ခုလုံးလျှောက်ပတ်ဆော့ပြီးစားသောက်နေတာပါ။ ဆွေမျိုးတွေစုံစုံညီညီနဲ့ စလိုက်နောက်လိုက်ပျော်စရာကောင်းတဲ့ပွဲလေးပါပဲ။ အဲလိုပျော်ရွှင်နေကြတဲ့အချိန်မှာ ကလေးလေးကြောင့် လိမ္မော်ရည်ဖန်ခွက်တစ်ခွက်ကျကွဲသွားတယ်။ စားသောက်ဝိုင်းတစ်ခုလုံးရုတ်တရက်ငြိမ်ကျသွားတယ်။ ဒီတော့ ကလေးလဲ ကြောက်သွားတယ်။ မျက်နှာလေးက ငယ်သွားလိုက်တာ သနားစရာလေး။ အဲဒီအချိန်မှာပဲ ဘေးနားက အဘွားလုပ်တဲ့ သားလေး ဖန်ခွက်ကွဲတွေ ရှကုန်မယ်ဆိုပြီး ကလေးကို နေရာကနေဖယ်လိုက်တယ်။ ကျန်တဲ့ မိသားစုဝင်တွေကလဲ ဘာမှမဖြစ်သလိုပဲ ကလေးကို ပြန်ပြီး စနောက်ရင်းနဲ့ အာရုံလွှဲလိုက်ကြတယ်။ ကလေးငယ်လဲ ဘာမှမဖြစ်ခဲ့သလိုပဲ ချက်ချင်းနဂိုအတိုင်းဖြစ်သွားတယ်။ အခြားသူတွေတော့မသိဘူး ကျွန်တော်ကတော့ တွေးလိုက်မိတယ်။ ငယ်စဉ်တုန်းက ကိုယ့်ရဲ့ ရင်သွေးငယ်လေးတွေကြောက်လန့် စိုးရိမ်နေတဲ့အချိန်မှာ ကလေးမိဘတွေက ဘယ်လိုတုန့် ပြန်မှူတွေပေးခဲ့သလဲဆိုတာပဲ။ ကလေးဆော့တာကို အပြစ်တစ်ခုလုပ်ပြီး ကလေးကို ဆူပူကြိမ်း မောင်းကြမလား၊ ကလေးရဲ့ စိတ်ထဲမှာ ဒဏ်ရာမရအောင် ကလေးကို ဖေးမလား။(သင်ဆိုရင်ကော ဘာလုပ်ဖြစ်မလဲ)
ကျွန်တော်က ငယ်စဉ်ကတည်းက ၀မ်းနည်းတတ်ပါတယ်။ သိမ်ငယ်တတ်ပါတယ်။
ကျွန်တော့်အိပ်မက်တွေက အဲဒါတွေနဲ့ များ ပက်သက်နေမလား။
ဘာပဲဖြစ်ဖြစ် အဲလိုအိပ်မက်တွေကို မုန်းတယ်။

Friday, December 25, 2009

အထောက်အကူ

ကျွန်တော်တို့ အခုနေတာက အိပ်ခန်းနှစ်ခန်းနဲ့ မီးဖိုချောင် ဧည့်ခန်းတွဲပါတဲ့ တိုက်ခန်းလေးပါ။ စင်ကာပူအစိုးရရဲ့ စည်းကမ်းအရကတော့ အနည်းဆုံးလူလေးယောက်ပဲနေခွင့်ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အိမ်ရှင်ကတော့ လူခြောက်ယောက်နေခွင့်ပေးထားပါတယ်။ ကျွန်တော်တို့ ကတော့ စုစုပေါင်း လူရှစ်ယောက်နေပါတယ်။ တစ်ခန်းကို လူသုံးယောက်နဲ့  နှစ်ခန်းဆိုတော့ခြောက်ယောက်၊ ဧည့်ခန်းမှာ နှစ်ယောက်နေပါတယ်။ လေးယောက်သာ သတ်မှတ်ထားတဲ့အခန်းလေးမှာ လူရှစ်ယောက်ပေါင်းနေတယ်ဆိုတော့ စဉ်းစားသာကြည့်တော့။ နေတဲ့သူတွေကလဲ ယောက်ျားလေးတွေချည်းပဲဆိုတော့ အိမ်သန့် ရှင်းရေးက လုပ်လို့ မနိုင်အောင်ပါပဲ။
မီးဖိုချောင်က အဆိုးဆုံးပေါ့ဗျာ။ ခုဆိုရင် မီးဖိုခန်းမှာ ပိုးဟတ်တွေက ထောင်ချီနေတာပါပဲ။ ထမင်းဟင်းကျန်တွေကို ညအခါ အုပ်ဆောင်းမထားရင်ဖြင့် ပိုးဟတ်တွေက ၀ိုင်းသမတော့တာပါပဲ။
ဒီနေ့ သန့် စင်ခန်းဝင်ရင်းနဲ့  ပိုးဟတ်တစ်ကောင်ဟာ သန့် စင်ခန်းရဲ့ ကြမ်းပြင်ပေါ်မှာ ပက်လက်လန်နေတာကို တွေ့ ရတယ်။ ကြမ်းပြင်ကလဲ စိုစွတ်နေတော့ သူ့ ရဲ့ တောင်ပံတွေနဲ့ ကပ်နေတယ်။ ဒီတော့ သူ့ ခမျာ ခြေချောင်းလက်ချောင်းလေးတွေနဲ့ အစွမ်းကုန်ရုန်းကန်ထနေပေမယ့် သူ့ ရဲ့ ကြိုးစားမှူက အချည်းအနှီးဖြစ်နေတယ်။ ကျွန်တော်စဉ်းစားတယ်။ ဒီအတိုင်းသာ ထားလိုက်ရင်တော့ ဒီပိုးဟတ်ကလေးဟာ သူအသက်ရှင်သန်အောင် ကြိုးပမ်းနေရင်းနဲ့ အသက်သာသေဆုံးသွားမှာပဲလို့ ။ ဟုတ်တယ်လေ။ သူကြိုးစားပေမယ့် သူရုန်းကန်ရင်ဆိုင်နေရတာက သူ့ အားနဲ့ မတန်မျှတဲ့ ကြမ်းပြင်ရဲ့ စိုစွတ်မှူ။ ပြီးတော့ သူ့ ရဲ့ ခြေလက်တွေရဲ့ဆုပ်ကိုင်စရာက ဘာမှခိုင်မြဲမှူမရှိတဲ့ လေ ဖြစ်နေတယ်လေ။
ကျွန်တော်လဲ ဘေးနားမှာရှိနေတဲ့ ခပ်မာမာအမှိုက်ကလေးတစ်ပင်ကို သူ့ ရဲ့ ဘေးမှာ အထောက်အကူအဖြစ်ထားပေးလိုက်တယ်။ ဒီတော့ သူ့ ရဲ့ ခြေလက်တွေဟာ အဲဒီအထောက်အကူလေးကို ဆုပ်ကိုင်မိပြီး ချက်ချင်းဆိုသလို ရပ်တည်သွားနိုင်ပါတယ်။
ဒီလိုပါဘဲ ကျွန်တော်တို့ တစ်တွေအခက်အခဲတစ်ခုနဲ့ ရင်ဆိုင်နေကြရတဲ့အခါမှာ အားလုံးလိုလိုကတော့ ကိုယ့်ဘာသာရုန်းကန်ထနေကြတာပါဘဲ။ ဒါပေမယ့် ကိုယ့်ရဲ့ခံနိုင်ရည်စွမ်း၊ ကိုယ့်ရဲ့ အားအင်နဲ့ မတန်အောင် ခက်ခဲလှတဲ့အနေအထားမျိုးမှာတော့ အထောက်အကူဆိုတာလိုအပ်လာတာပါပဲ။ အဲလိုအချိန်မှာ ကိုယ့်ဘာသာကိုယ် ရုန်းကန်မထဘဲ အခြားအထောက်အကူကိုယူချင်ကောင်းရဲ့လို့ ဘယ်အပြစ်ဆိုသာမလဲနော်။ အဲဒီအထောက်အကူကလဲ တစ်ခါတစ်လေ ဘာမှမဟုတ်တဲ့ အရာလေးတစ်ခုလဲဖြစ်နေတတ်ပါတယ်။ အဲဒီဘာမှမဟုတ်တဲ့ အထောက်အကူလေးကလဲ
ကြိုးစားရုန်းကန်ထနေရတဲ့ သူတစ်ယောက်အတွက် မဟာတံတိုင်းကြီးတစ်ရပ်လဲဖြစ်သွားတတ်ကြတယ်။ အဲဒါလေးကို ဂရုပြုပြီးတော့ လူ့ ဘ၀ရဲ့ တိုတောင်းလှတဲ့အချိန်လေးမှာ သူတစ်ပါးအတွက် ကိုယ်တတ်နိုင်တဲ့ အထောက်အကူလေးတစ်ခုလောက် ဖန်တ်ီးပေးနိုင်ခဲ့ကြပါစေ။

Tuesday, July 28, 2009

ခွေးလေး ၊ ကြိုးနှင့်  စက်ဘီး

ခွေးလေး ၊ ကြိုးနှင့်  စက်ဘီး

တစ်ခါတုန်းက ကောင်လေးတစ်ယောက်မှာ ခွေးလေးတစ်ကောင်ရှိခဲ့တယ်။
ခွေးလေးဟာ လူတစ်ယောက်နဲ့ မခြား တတ်သိနားလည်ပြီး အလွန်ကို လိမ္မာတဲ့ခွေးလေးပါတဲ့။
ကောင်လေးကလဲ သူ့ ခွေးလေးကိုသိပ်ချစ်တာပေါ့။
ဒါပေမယ့် ခွေးကလေးမှာ ချို့ ယွင်းချက်ရှိတယ်။
အဲဒါကဘာလဲဆိုတော့ သူဟာ စက်ဘီးဆို အရမ်းကြောက်တယ်တဲ့။
အိမ်ရှေ့ကနေ စက်ဘီးတစ်စီးဖြတ်သွားတယ်ဆို၇င်ပဲ ခွေးကလေးဟာ အိမ်ထဲကိုပြေးဝင်လာပြီး
ကုတင်အောက်မှာ ထိတ်လန့် ကြီးစွာ ပုန်းအောင်းနေရတယ်။
ဒါကို ကောင်လေးက မကျေနပ်ဘူး၊ အားမရဘူး။
စက်ဘီးဆိုတာ ကြောက်စရာမဟုတ်မှန်း ခွေးကလေးသိအောင် သူကြိုးစားခဲ့ပါတယ်။
ကောင်လေးက ခွေးလေးကို သစ်ပင်တစ်ပင်မှာ ကြိုးတစ်ချောင်းနဲ့ ချည်နှောင်ထားလိုက်တယ်။
အဲဒီနောက်မှာ သစ်ပင်ကိုပတ်ပြီး စက်ဘီးစီးပါတယ်။
ခွေးကလေးဟာ အရမ်းသနားစရာကောင်းအောင် တအီအီအော်ပြီး ကြောက်ရွ့ံ့နေရှာတယ်။
ကောင်လေးဟာ စက်ဘီးကိုရပ်မပေးပါဘူး။
စက်ဘီးဆိုတာ ကြောက်စရာမဟုတ်မှန်း ခွေးကလေးသိအောင် သူဆက်စီးခဲ့တယ်။
နောက်ဆုံးမှာတော့ ခွေးကလေးဟာ ကြောက်လန့် တဲ့ စိတ်နဲ့ ပဲ နေရာမှာတင်သေဆုံးသွားခဲ့ပါတယ်။
ကောင်ကလေးစေတနာဟာ ဝေဒနာဖြစ်သွားခဲ့ရတယ်။
အဲနေ့ ညမှာပဲ ကောင်လေး အိပ်မက်မက်ပါတယ်။
အိပ်မက်ထဲမှာ ခွေးကလေးကပြောတယ်။
သူ့ မှာအရင်ဘ၀က စက်ဘီးအတိုက်ခံရပြီးသေဆုံးသွားခဲ့ရလို့ ဒီဘ၀မှာ စက်ဘီးဆိုရင် ကြောက်လန့် ခဲ့ရတယ်။
စက်ဘီးနဲ့ လဲ ဝေးအောင်နေတယ်။
ဒါပေမယ့် သခင်ကြောင့် သည်ဘ၀မှာလဲ စက်ဘီးနဲ့ သေခဲ့ရပြီ။
သခင်မယုံရင် စုံစမ်းဖို့ ဆိုပြီး အရင်ဘ၀က မိဘတွေရဲ့ နေ၇ပ်လိပ်စာကိုပါ ပြောပြသွားခဲ့ပါတယ်။
နောက်တစ်နေ့ မှာ ကောင်လေးသွားစုံစမ်းကြည့်တော့ အမှန်တကယ်ဖြစ်နေတာကိုတွေ့ ခဲ့ရတယ်။
ဖြစ်ရပ်မှန်မဂ္ဂဇင်းမှာပါတဲ့ အကြောင်းအရာလေးတစ်ရပ်ပါ။
ခွေးကလေးကတော့ သခင်ကကြိုးချည်ခဲ့လို့  သူ့ ရဲ့ခံစားချက်ကို သခင်ကို ထုတ်ပြောခွင့်ရခဲ့တယ်။
ကိုယ့်ဟာကိုယ် ကြိုးချည်ခဲ့မိတဲ့ကျွန်တော်ကတော့ …………………..