Thursday, June 3, 2010

ခေတ်ဟောင်းတေးများတောင်းဆိုနိုင်ပါသည်။

ကျွန်တော့်ရဲ့ ၀ါသနာအလျောက် စုဆောင်းထားတဲ့ မြန်မာသံခေတ်ဟောင်းတေးတော်တော်များများရှိပါတယ်။ မူရင်းတွေကိုအဓိကထားပြီးစုထားတာပါ။ များသောအားဖြင့်တော့ myanmar cupid ထဲက ဒေါင်းပြီးစုထားတာတွေများပါတယ်။ လိုချင်တဲ့တေးသီချင်းများရှိရင် တောင်းဆိုနိုင်ပါတယ်ခင်ဗျာ။

Tuesday, May 25, 2010

အားလုံးကိုကျေးဇူးတင်ပါတယ်

ပထမဦးဆုံး အားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ အားနာကြောင်း ပြောပါရစေ။
ကျွန်တော့်ရဲ့ စိတ်ထဲမှာရှိသမျှတွေကို ဘလော့ပေါ်မှာ ချပြသမျှ စိတ်ပါဝင်စား ခံစားပြီးတော့ ဖတ်သွားတဲ့ စာဖတ်သူတွေကို ကျေးဇူးတင်တာပါ။ အားနာကြောင်းပြောရတာကဒီလိုပါ။ ကျွန်တော် စာသိပ်ရေးလေ့မရှိပါဘူး။ စိတ်ထဲမှာခံစားလာရတဲ့အခါမျိုး၊ ဒါမှမဟုတ် တစ်ခုခုကို တင်ပြချင်တဲ့အခါမျိုး (စာဖတ်သူကိုတစ်ခုခုပေးချင်တဲ့အခါမျိုး)မှသာရေးလေ့ရှိပါတယ်။ ဒါကြောင့်ကျွန်တော့် ဘလော့ကို ကျွန်တော် ပစ်ထားတာများပါတယ်။ ဘယ်သူတွေကွန်မန့် ပေးတာလဲ မကြည့်တတ်လို့ မကြည့်ဖြစ်ပါဘူး။ :)
ဒီနေ့ မှ ဟိုဒီဝင်ကလိရင်းနဲ့ ကျွန်တော့်ရဲ့ အိပ်မက်တွေကိုမုန်းတယ်နဲ့  စာပေထဲမှာအဆိပ်တွေပါတယ်ဆိုတဲ့ ပို့ စ်လေးမှာပေးထားတဲ့ကွန်မန့် တွေကို ပြန်ဖတ်မိသွားတယ်။ အရမ်းအာနာရပါတယ်။ ကွန်မန့် ပေးသူတွေကို response မပြန်ဖြစ်လို့  ရိုင်းသလိုဖြစ်သွားရင် ခွင့်လွှတ်ပါ။
ကျေးဇူးပါ။

Monday, May 24, 2010

စာပေထဲမှာလည်းအဆိပ်တွေပါတယ်

ဟိုးတလောတုန်းက အွန်လိုင်းဂျာနယ်တစ်ခုမှာ သူများကွန်မန့် ပေးထားတာဖတ်လိုက်ရတယ်။ ဘာတဲ့။ ဇော်ဂျီဖောင့်ရိုက်တတ်ပြီး အွန်လိုင်းသုံးတတ်ရင် စာရေးဆရာဖြစ်ပြီဆိုလား။
အဲဒီစာကိုဖတ်ကာစ တုန်းကတော့ စိတ်ထဲမှာ နည်းနည်းလေး ခု မိပေမယ့် သေချာပြန်စဉ်းစားကြည့်တော့လည်း ဟုတ်နေတာပဲ။ အွန်လိုင်း ဘလော့တွေမှာ ရေးလိုက်ကြတဲ့ စာတွေ ပလူပျံနေတာပဲ။ တချို့ လူငယ်လေးတွေလဲ အရေးအသားတော်တော်ကို ကောင်းတာခင်ဗျ။
ဒါပေမယ့် စာရေးဆရာတစ်ယောက်မှာ ရှိသင့်တဲ့အရည်အချင်း။ အဲဒါလေးကိုထည့်စဉ်းစားလိုက်ရင်တော့ တော်တော်လေးရင်လေးစရာကောင်းတယ်။ အန္တရာယ်လဲ များလွန်းတာကိုး။ ဘယ်လိုအန္တရာယ်တွေလဲဆိုတော့ မြန်မာစာ မြန်မာစကား။
ပထမဆုံး စာရေးတော့မယ်ဆိုတာနဲ့ ကိုယ့်ရဲ့ မြန်မာစာအဆင့်အတန်းလေးကိုတော့ ကိုယ်ပြန်အကဲခတ်သုံးသပ်ဖို့ လိုမယ်ထင်တာပဲ။ ငါဟာ စာလုံးပေါင်းသတ်ပုံမှန်အောင်ရေးနိုင်လား။ ပုဒ်အထားအသို၊ ၀ါကျအထားအသို မှန်အောင်ရေးနိုင်ရဲ့လား။ စာလုံးပေါင်းသတ်ပုံနဲ့  ပုဒ်အထားအသိုလေးမှ မှန်အောင်မရေးနိုင်ရင်တော့ ဘာ စာမှ ရေးမနေပါနဲ့ လို့ ပဲ ခပ်ရိုင်းရိုင်းဆိုပါရစေတော့။ငါးနှစ်ပြည့်လို့ ကျောင်းစပြီး နေကတည်းက မြန်မာစာမှာ ၀လုံးဆိုပြီး စသင်လာရတာ။ နောက်မှ တဖြည်းဖြည်း တက်။ က ကာ ကား ပေါ့။ မှတ်မိသေးပါတယ်။ လေးတန်းမှာ မြန်မာစာဖြေရရင် ပုဒ်ထီးပုဒ်မချတာ၊ နောက် စာလုံးပေါင်းသတ်ပုံအမှန်ရွေးတာ။ (ပညာတက်/ပညာတတ်)၊ (ကြိုးစား၊ ကျိုးစား) စသဖြင့်ပေါ့လေ။ တက္ကသိုလ်တွေတက်ရတဲ့အထိ မေဂျာတော်တော်များများမှာ ပထမနှစ်မှာတော့ မြန်မာစာကို သင်ကြရပါသေးတယ်။ ဟုတ်ပြီ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှူအပြည့်အ၀ရှိတယ်ဆိုလို့ ကတော့ ရေးပါဗျာ။ ဒါပေမယ့် ကိုယ်မသေချာတဲ့ စာလုံးပေါင်းတွေ၊ အသုံးနည်းတဲ့ ရှားပါးလှတဲ့ စာလုံးပေါင်းတွေ၊ ရိုးရာ စကားပုံတွေကို ရေးရတော့မယ်ဆိုရင်တော့ ကိုယ်မသိသေးရင် တတ်သိနားလည်သူတွေကို မေးမြန်းပြီးမှဖြစ်ဖြစ်၊ သက်ဆိုင်ရာ စာအုပ်စာတမ်းတွေကို လေ့လာကိုးကားပြီးမှပဲဖြစ်ဖြစ် ရေးသင့်ပါတယ်။ ကိုယ့်စာကို ဖတ်မယ့်ပရိတ်သတ်ကို လေးစားသင့်တယ်။ စာပေဗဟုသုတကိုရှာမှီးနေတဲ့ လူငယ်တွေအတွက် အမှတ်မှားသွားနိုင်လို့ ပါ။ စာလုံးပေါင်းသတ်ပုံအမှားများနဲ့ ပုဒ်အထားအသို ၀ါကျအထားအသို အမှားများကို ထောက်ပြနေလို့ ကတော့ ကျွန်တော့်စာက ၀တ္ထုရှည်တစ်အုပ်စာဖြစ်သွားလိမ့်မယ်။
အဲဒီတော့ နောက်ထပ်တစ်ခုပြောချင်တာကတော့ အကြောင်းအရာပိုင်း။ ဟုတ်ပြီ။ စာရေးသူက စာဖတ်ပရိတ်သတ်ကို ဘာကိုပေးချင်တာလဲ။ သုတလား။ ရသလား။ ရသစာပေတွေမှာတစ်ခါတစ်လေ စာသာဖတ်ပြီးသွားတယ်၊ စာရေးသူက ဘာကိုပြောချင်မှန်းမသိတဲ့ စာတွေတပုံကြီး။ ကိုယ်ရေးတဲ့ စာပေက သုတ စာပေလား ရသစာပေလား။ သုတဆိုလဲ သုတ။ ရသဆိုလဲ ရသ။ ပြောင်ပြောင်မြောက်မြောက်လေးပေးနိုင်ဖို့ လိုတယ်။
ရသပိုင်းကိုပေးတဲ့အခါမှာ စာဖတ်သူကို ရသနဲ့အတူ အသိတရားလေး တစ်ခုနှစ်ခုလောက်ပေးခဲ့နိုင်ရင်ပိုကောင်းမယ်။ ပညာပေးလေးပေါ့။ အရေးအကြီးဆုံးကတော့ စာဖတ်သူကိုတော့ အဆိပ်အတောက်မပေးမိဖို့ ပါပဲ။ နိုင်ငံကျော်စာရေးဆရာမ တစ်ယောက်ကို အခြားစာရေးဆရာတွေက ဝေဖန်ကြတာ။ ဘာတဲ့။ live together အကြောင်းပဲ အသားပေးရေးတဲ့ စာရေးဆရာမဆိုလား။ ပြီးတော့အဲဒီစာရေးဆရာမက ဇာတ်ကောင် အမျိုးသမီးကို နာမ်စားသုံးတဲ့အခါမှာ သူမသည်တဲ့။ မြန်မာစာပေမှာ သူမဆိုတာလုံးဝမရှိပါဘူး။ အဲသလိုမျိုးတွေမဖြစ်အောင်ပေါ့နော်။ ကျွန်တော်သိသလောက်ဥပမာပေးကြည့်တာ။
ရသစာပေဆိုလို့ ဟိုနေ့ ကမှ မစန္ဒာရဲ့ ပထမဆုံးဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ ငယ်သူမို့ မသိပါ ဆိုတဲ့ ရသစာအုပ်တစ်အုပ်ကို ဖတ်လိုက်မိတယ်။ စာအုပ်ရဲ့နိဒါန်းမှာ စာရေးဆရာကြီးများက အမှာစာတွေအများကြီးရေးပေးထားကြတာ။ အမှာစာတွေအရ တော်တော်ကောင်းတဲ့ ၀တ္ထုပဲဖြစ်မယ်ဆိုပြီးတော့ ဖတ်ကြည့်မိတယ်။ စာအရေးအသားသွက်ပြီးတော့ ပရိတ်သတ်ကို အဆုံးထိဆွဲယူသွားနိုင်တဲ့ ၀တ္ထုကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒါနဲ့ စာဖတ်ပြီးတော့ အဲဒီစာကနေဘာရလိုက်သလဲ စဉ်းစားကြည့်တဲ့အခါ ဘာမှလဲမရလိုက်ပါဘူး။ စာရေးသူက စာဖတ်ပရိတ်သတ်ကို ဘာကိုပေးချင်သလဲ။ အပန်းပြေ၊ အချိန်ဖြုန်းရုံသပ်သပ်ပဲဆိုရင်တော့ မဆိုးပါဘူး။ စာပေအရေးအသားကိုလည်း လေ့ လာနိုင်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ပရိသတ်ကို ဘာမှမပေးနိုင်တဲ့ ၀တ္ထုမျိုးပါပဲ။ မစန္ဒာလို နာမည်ကြီးစာရေးဆရာတစ်ယောက်ရဲ့ ၀တ္ထုကိုတောင် အဲလိုမျိုး ဝေဖန်လို့ မင်းကဘာကောင်လဲလို့ တော့ အပြစ်တင်မစောလိုက်ပါနဲ့ ။ စာအုပ်ရဲ့အဆုံးမှာ မစန္ဒာကိုယ်တိုင်က သူ အသက်အရွယ် နဲ့ စာရေးသက်လေးရလာလို့  ကိုယ့်စာကိုပြန်ဖတ်မိတဲ့အခါမှာ ရှက်မိပါတယ်လို့ ၀န်ခံထားပါတယ်။ သူ့ လို တက်သစ်စ စာရေးဆရာမလေးကိုမြေတောင်မြှောက်ပေးတဲ့အနေနဲ့  အမှာစာတွေရေးပေးတဲ့ ဆရာကြီးများရဲ့ စေတနာကိုလည်းလေးစားမိကြောင်းဖော်ပြထားတယ်။ :P
သုတပိုင်းကိုပေးတဲ့အခါမှာ ကိုယ်ပေးချင်တဲ့သုတကို ကိုယ်ကိုယ်တိုင် တိတိကျကျနဲ့ ကျေကျေလည်လည်နားလည်နိုင်တာမျိုးကိုပဲပေးသင့်တယ်။ ကိုယ်မသိသေးရင်လဲ ဆန္ဒတွေမစောကြပါနဲ ။ ဖတ်ပါ။ လေ့လာပါ။ သုံးသပ်ပါ။ ကျေနပ်ပြီဆိုမှ စာရေးသူကို တင်ပြပါ။ မျှဝေပါ။
အဲဒီမှာ ကျွန်တော် ဝေဖန်ချင်တာလေးတွေ ရှိပါတယ်။ ကျွန်တော်က အကြောင်းအရာတော်တော်များများလဲမသိပါဘူး။ ၀ါသနာလဲ မပါလှပါဘူး။ ကျွန်တော်ဝါသနာပါတာက သီချင်း။ သီချင်းထဲမှာမှ မြန်မာသံစဉ်သီချင်း။ ဘယ်လောက်ထိဝါသနာပါလဲဆိုရင် အိပ်ချိန်ကလွဲရင် ကျန်တဲ့အချိန်တစ်ဝက်ဟာ သီချင်းပဲဆိုနေတာပါ။ သီချင်းတွေဆိုရင်လဲ တေးရေးသူ ၊ မူရင်းအဆိုတော်အမည်တွေကို တစ်ခါလောက်ဖတ်ဖူးတာနဲ့ အမြဲမှတ်မိနေတာ။ သေချာတကူးတက မှတ်စရာမလိုဘူး။ စာသားတွေဆိုလဲ အချိန်ဘယ်လောက်ကြာကြာ အကုန်မှတ်မိနေတတ်တာ။ဒီတော့ သာမာန်လူတွေထက်တော့ သီချင်းနဲ့ ပတ်သက်(အမှားထောက်ပြပေးတဲ့အတွက်ကျေးဇူးပါခင်ဗျာ။ ပြန်ပြင်လိုက်ပါပြီ)လာရင် သိတယ်ဆိုပါစို့ ။
ဒါနဲ့ တစ်ရက်ကတော့ ဒေါက်တာမတင်ဝင်းရေးတဲ့ ပြည်သူချစ်သော အနုပညာရှင်များဆိုတဲ့ စာအုပ်ကိုဖတ်ဖြစ်ပါတယ်။ ကျွန်တော်သိချင်တဲ့ အနုပညာရှုင်တွေရဲ့အကြောင်း၊ သီချင်းတွေအကြောင်းကို အများကြီး သိလိုက်ရတဲ့အတွက် သိပ်ကိုပျော်သွားတယ်။ ဖတ်ရကျိုးလဲနပ်ပါတယ်။ ဒေါက်တာမတင်ဝင်းကလဲ ကြိုးကြိုးစားစားရှာဖွေစုဆောင်းပြီး တင်ပြထားတာပါ။ အဲဒီမှာ ပြောစရာတစ်ခုက မြို့ မငြိမ်းအကြောင်းပါပဲ။ မတင်ဝင်းကပြောထားတယ်။ မြို့ မငြိမ်းဟာ သီချင်းစပ်တဲ့အခါမှာ စကာလုံးလေးတွေကို သိပ်ဂရုစိုက်တယ်တဲ့။ မှန်ပါတယ်။မြို့ မငြိမ်းသီချင်းလေးတွေထဲမှာ တကယ့်ကို စကားလုံးလှလှ ဆန်းဆန်းလေးတွေပါပါတယ်။ ပြီးတော့ ဆရာ့သီချင်းတွေက သံစဉ်ကို ငဲ့ပြီးတော့ စာသားကို ဖျက်လိုက်ရတာ မရှိဘူးတဲ့။ တော်တော့်ကို အံ့သြသွားရတယ်။ သီချင်းတွေမှာ အဲလိုမျိုးဖြစ်ဖို့ လွယ်တာမှမဟုတ်ဘဲ။ တစ်ချိန်တည်းမှာပဲ ကျွန်တော်စာဖတ်နေရင်းနဲ့ ကျွန်တော်သိတဲ့ဆရာ့သီချင်းတွေကို လိုက်ပြီးတော့ စိတ်ထဲကနေ ဆိုကြည့်နေမိတယ်။ ဟုတ်တယ်။ သံစဉ်ကိုငဲ့ပြီးတော့ စာသားကိုဖျက်လိုက်ရတာမရှိပါဘူး။ ဆရာ့ကို အရမ်းလေးစားသွားရတယ်။ အဲဒီနောက်ပိုင်းမှာ ဆရာ့သီချင်းလေးတွေကိုညည်းမိတိုင်း မတင်ဝင်းရေးတဲ့အကြောင်းအရာလေးကို သတိရနေတယ်။ စဉ်းစားနေမိတယ်။ တွေ့ ပါပြီ။ လေချိုသွေး ဆိုတဲ့သီချင်း။
“ လေးချိုသွေးတဲ့ လေးချိုသွေးတယ်၊ ချစ်လို့ ရယ်မကုန်ုနိုင်တယ်၊ ၀သုန်ဤမြေအသိသက်သေ တင်မယ် စင်ကြယ် ယဉ်ယဉ်ရယ်ယုံပါ လေချိုသွေးရှာတယ် သူ ပျော်တာတွေကိုတောင် နားယောင်မိတော့မယ်”
ကဲ… အမှန်ကတော့ “လေချိုသွေးတယ်” လို့ ဆိုရမှာ။ သံစဉ်အရ “လေးချိုသွေးတယ်”ဖြစ်သွားတယ်။ နောက်တစ်ခုက “သူပြောတာတွေကိုတောင်နားယောင်မိတော့မယ်” ဆိုတဲ့နေရာမှာ “သူပျော်တာတွေ”လို့ ပဲ သံစဉ်ကိုငဲ့ပြီးဆိုရတယ်။ အဲဒီသီချင်းထဲမှာပဲ “ကြောင်ကို ၀မ်းနှူတ်ဆေးကျွေးမိသလို တွေးမိသကို ပျော့ပျော့လေးနဲ့ နမ်းမယ့်ပုံပေါ်တယ်”တဲ့။ “ပျော့ပျော့လေးနဲ့ နံမယ့်ပုံပေါ်တယ်”လို့ ဖြစ်ရမှာလေ။ ဘယ်မလဲ။ စာသားကိုမဖျက်ရပါဘူးဆို။ လုပ်ရက်ပါပေ့မတင်ဝင်းရယ်။ဘာပဲရေးရေးပါလေ။ ကိုယ်ရေးမယ့်အကြောင်းအရာကိုတော့ ကိုယ့်ဟာကိုယ်ပိုင်နိုင်အောင်တော့လုပ်ကြပါ။
တမြန်နေ့က forward mail တစ်စောင်ဝင်လာတယ်။ ခေါင်းစဉ်က ချစ်မိုးကြီးသီချင်းရှင် ကွယ်လွန်ပြီတဲ့။ ဘယ်သူပါလိမ့်ပေါ့။ အဲဒီသီချင်းကိုရေးခဲ့တဲ့ ဆရာ ရန်နိုင်စိန်လား။ ဒါမှမဟုတ် မူရင်းသီဆိုခဲ့တဲ့ ပန်တျာဌေးဌေးမြင့်လားပေါ့။ စာကိုဖတ်ကြည့်တော့မှ နိုင်ငံကျော်အဆိုတော်နဲ့သရုပ်ဆောင်မင်းသားကြီး ဦးသုမောင်ကွယ်လွန်တာကိုး။ ဦးသုမောင်က ချစ်မိုးကြီး သီချင်းရှင်မှမဟုတ်တာ။ ချစ်မိုးကြီး သီချင်းကကောင်းလွန်းလို့  ဘယ်သူဆိုဆို နာမည်ကြီးတဲ့ သီချင်းတစ်ပုဒ်ပါ။ ချိုပြုံးလဲဆိုတာပဲ။ ကိုမင်းနောင်လဲဆိုတာပဲ။ ဘယ့်နှယ့်သုမောင်က ပဲ သီချင်းရှင်ဖြစ်ရတယ်လို့ ။ သုမောင်ရဲ့ နာမည်ကျော်သီချင်းဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ဝင်တေး ပန်းဦးပန်မယ့်သူတို့ ၊ နောက် စီးရီးလိုက် အောင်မြင်ခဲ့တဲ့ ဂုဏ်ကြီးရှင်တို့ ဆိုရင်လဲတော်သေး။ ချစ်မိုးကြီး သီချင်းရှင်တဲ့။ နောင် မြန်မာသီချင်းတွေကို ချစ်မြတ်နိုးတဲ့ လူငယ်တွေအတွက် ချစ်မိုးကြီးရဲ့ မူရင်းဆိုသူဟာ သုမောင်ပါလို့ အမှတ်မှားသွားစေနိုင်တဲ့ ရေးသားမှူမျိုးပါ။ မူရင်းအဆိုက သုမောင်မဟုတ်သလို ရေးသူကလဲ သုမောင်မဟုတ်လို့ ချစ်မိုးကြီးသီချင်းရှင်လို့ မသုံးနှုန်းသင့်ပါဘူး။
ဟိုတလောက အွန်လိုင်းထဲမှာ ဘလော့တွေကိုလျှောက်ဖတ်မိတော့ ကျွန်တော့်အသိအစ်ကိုကြီးတစ်ယောက်က လူချွန်လူကောင်းဆိုပြီး တင်ထားတာ။ ကျွန်တော်အံ့သြသွားတယ်။ အဲဒီအစ်ကိုကြီးကမှ မြန်မာသီချင်းတွေမကြိုက်တာ။ နားထောင်လေ့မရှိတာ။ဒါနဲ့ ဝင်မွှေကြည့်တော့ ဘလော့ဂါအသိုင်းအ၀ိုင်းထဲက စာရေးသူတစ်ယောက်က သီချင်းတစ်ပုဒ်လောက်ဆီ ရေးဖို့ တောင်းဆိုထားလို့ ထင်ပါရဲ့။ ဘလော့တော်တော်များများမှာ သီချင်းတွေရေးထားတာတွေ့ ပါတယ်။ ဒါနဲ့ အဲဒီအစ်ကိုကြီးရေးထားတဲ့ လူချွန်လူကောင်းကို ၀င်ဖတ်လိုက်တယ်။ သီချင်းအကြောင်းအရာကို အများကြီးရေးမထားဘဲနဲ့  သီချင်း စာသားကိုသာ အလေးထားရေးထားတာတွေ့ တယ်။ သီချင်းကိုလဲ you tube နဲ့တင်ထားပေးတယ်။
စာသားတွေကို ဖတ်ကြည့်တဲ့အခါမှာ သောက်သောက်လဲ မှားနေတယ်ဗျာ။ တစ်လုံးစ နှစ်လုံးစ မှားတာလောက်ကတော့ ကိစ္စမရှိဘူး။ ဒါပေမယ့် သီချင်းရေးသူကိုယ်တိုင် ဂရုတစိုက်နဲ့  လှလှပပလေး ရေးထားတဲ့ စာသားမျိုးဆို၇င်တော့ သိပ်ကို နှမြောစရာကောင်းလှပါတယ်။ လူချွန်လူကောင်းကို ရေးသူ မြို့ မငြိမ်း ပြောပြထားတာက “ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်တဲ့” ။ အရာရာမှာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင် ဘာကိုပဲ စဉ်းစားပြီးလုပ်လုပ် သာမာန်မကြည့်နဲ့ ၊ ကမ္ဘာနဲ့ ယှဉ်ကြည့်၊ ကမ္ဘာကြည့်ကြည့်။ ခေတ်မီမီတွေးလို့ ဆိုလိုချင်တာပါ။အသုံးအနှုန်းလေး ဘယ်လောက် လှလိုက်သလဲ။ ဘလော့ဂါအစ်ကိုကြီးရေးထားတာက “ခေတ်မီမီ ကမ္ဘာကြီး ကြည့်မြင်”တဲ့။ ကမ္ဘာကြီးကို ကြည့်မြင်ပြီးတော့ ဘာလုပ်ရမှာတုန်း။ သီချင်းရေးသူရဲ့ စေတနာနဲ့ အမျှော်အမြင်ရှိပုံ က သူနဲ့ ကျမှ လုံးဝ ပျောက်ပျက်သွားတယ်။
အောက်မှာ ပေးထားတဲ့ ကွန်မန့် တွေကိုလိုက်ကြည့်တဲ့အခါမှာ အဲဒီသီချင်းစာသားလေးလိုချင်နေတာ ကြာလှပြီဖြစ်တဲ့အတွက် တင်ပေးတဲ့ အစ်ကိုကြီးကိုကျေးဇူးတင်ကြောင်းတောင်ပါသေးတယ်။ ဒါနဲ့ သြော်.. စာရေးသူပြင်ချင်လဲပြင်နိုင်အောင်၊ သီချင်းကိုမှတ်သားသိမ်းဆည်းထားချင်တဲ့သူတွေအတွက်လဲ အမှတ်မမှားအောင် ဆိုပြီး ကျွန်တော်သိတာလေးကို ကွန်မန့် ပေးလိုက်ပါတယ်။ positive သဘောပဲဆောင်ပါတယ်။ ဒါပေမယ့် အံ့သြစရာကောင်းတာက အဲဒီကွန်မန့် ကို ဖျက်ပစ်လိုက်တယ်ဗျ။ မှားနေတာကိုပြင်လားဆိုတော့လဲ မပြင်ဘူး။ ငယ်စဉ်အခါ သမိုင်းသင်ခဲ့ရတုန်းက ကြံကိုအဖျားကနေစစုပ်မိတဲ့ ရာဇသင်္ကြန်အမတ်ကြီးကို တကယ့်ကို လေးစားသွားမိတယ်။ ပညာရှိကြီးတစ်ယောက်ဖြစ်ပေမယ့် ကိုယ့်အယူအဆအမှားကို လူငယ်တစ်ယောက်က ထောက်ပြတဲ့အခါမှာ မှားပါတယ်လို့  ၀န်ခံရဲတဲ့ သတ္တိကိုပေါ့။ အမှားကို ၀န်ခံရဲတဲ့သတ္တိက လူတိုင်းမှာမရှိဘူးနော။
အခြားဘလော့တွေမှာ တင်ထားတဲ့ မေလှမြိုင်ရဲ့ဆောင်းအမီ၊ မေရှင်ရဲ့ပျို့ မှာတမ်း၊ သီချင်းတွေကိုတော့ ဖတ်ရုံပဲဖတ်လိုက်တော့တယ်။ ကွန်မန့်ပေးပြီး အမှားပြင်ပေးတာမျိုးတော့မလုပ်ဖြစ်တော့ဘူး။
ကျွန်တော်က သီချင်းချစ်သူတစ်ယောက်ပါ။ ဂီတကို မလေ့ လာ မလိုက်စားခဲ့ပေမယ့် ၀ါသနာပါသည်အလျောက်တီးမိခေါက်မိတာလေးတွေရှိပါတယ်။ ဒါတောင် စာအုပ်စာပေထဲမှာ အမှားလေးတွေ တွေ့ နေရတယ်။ ကျွန်တော်နားမလည်တဲ့ အကြောင်းအရာတွေထဲမှာဆို အမှားတွေ ဘယ်လောက်များပါနေမလဲ။ ဒီလိုသာဆိုရင်ဖြင့် စာအုပ်စာပေလူ့ မိတ်ဆွေဆိုတဲ့ စကားပုံကို ပြင်ရတော့မယ်ထင်ပါ့။ စာပေထဲမှာလဲ အဆိပ်အတောက်တွေရှိတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင်တော့…. စာရေးဆရာတစ်ယောက်ရဲ့ တာဝန်ဟာ အရမ်းကိုကြီးမားပါတယ်။ အမျိုး၊ ဘာသာ၊ သာသနာ၊ စာပေ နဲ့ စကားကို စောင့်ရှောက်ရာမှာ စာရေးဆရာတစ်ယောက်ရဲ့အခန်းကဏ္ဍက အများကြီးအရေးပါပါတယ်။ ပြီးတော့ နိုင်ငံတော်တိုးတက်ကြီးပွားရေးမှာ ကလောင်လက်နက်ကလဲ တော်တော်ကြီးကို ထိရောက်လှတယ်ဆိုတာလဲ သိကြပြီးဖြစ်မှာပါ။
ဒီတော့ စာရေးသူများအနေနဲ့ မိမိစာတစ်ပုဒ်ကို publish လုပ်တော့မယ်ဆိုရင် ကိုယ့်ရဲ့စာပေထဲမှာ အဆိပ်အတောက်လေးများ ပါမသွားအောင် ဂရုစိုက်ကြပါလို့ တိုက်တွန်းလိုပါတယ်။ ဘာဖြစ်လို့ ဒီစာကိုရေးဖြစ်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်က ငယ်စဉ်ကရခဲ့တဲ့ အနည်းငယ်သော စာပေအဆိပ်အတောက်များကို ခုထိ တိုက်ထုတ်နေရဆဲ ဖြစ်နေလို့ပါခင်ဗျာ။
(စာလုံးပေါင်းသတ်ပုံပိုင်းဆိုတာထက် ကိုယ်တင်ပြတဲ့ အကြောင်းအရာပိုင်းကိုပဲ ဦးစားပေးရေးထားတာပါ။ သတ်ပုံကိစ္စကလဲ မမှားသင့်တာမျိုးတွေ မမှားရအောင်၊ သူများကမှားနေရင်လဲ ပြင်ကြရအောင် ချပြတာပါ။ နည်းနည်းချင်းစီ တဖြည်းဖြည်း ဂရုစိုက်သွားရင် အားလုံးအတွက် ကောင်းကျိုးတွေချည်းပါပဲ။ positive သဘောဆောင်ပြီးရေးတာပါခင်ဗျာ။)

Sunday, March 14, 2010

ကျွန်တော်နှင့်အိပ်မက်များ

အဖေ၊ အမေနဲ့ ကျွန်တော်။ စုစုပေါင်းသုံးယောက်ထိုင်နေတဲ့ နေရာကို ကျွန်တော့်ရဲ့တစ်ဦးတည်းသောညီမအငယ်ဆုံးလေးက မျက်နှာငယ်လေးနဲ့ ရောက်လာတယ်။ သူက မေးခွန်းတစ်ခုကိုမေးချင်လို့ တဲ့။ သူမေးချင်တဲ့မေးခွန်းက အမေက ဘာဖြစ်လို့  ကျောင်းဆရာမ မဖြစ်တာလဲတဲ့။ သူ့ စိတ်ထဲမှာ အမေက ပညာတတ်မဟုတ်တဲ့အတွက် အားငယ်နေတဲ့ ပုံစံမျိုးပါပဲ။ အဲဒီအချိန်မှာ အဖေက တော်တော်ဒေါသထွက်သွားပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ညီမလေးကိုကြည့်တယ်။ ညီမလေးရဲ့မျက်နှာ ညှိုးသွားတယ်။ သူကြောက်နေတယ်။ သူဝမ်းနည်းသွားတယ်။ ကျွန်တော် ညီမလေးကို အနားကို ခေါ်ပြီးတော့ အမေတို့ ငယ်ငယ်တုန်းက ရွာမှာပဲကြီးပြင်းလာရတာဆိုတော့ ပညာမသင်ခဲ့ရဘူးလေ။ ဒါကြောင့် ဆရာမ မဖြစ်တာပေါ့လို့ ချော့မော့ပြောဆိုလိုက်တယ်။ အဲဒီအချိန်မှာ အဖေက ညီမလေးကို ထရိုက်ဖို့ ကြိုးစားတယ်။ ကျွန်တော်က ကြားက၀င်လိုက်တယ်။ အဖေက ဒီကိစ္စကို ဘယ်လိုဖြေရှင်းပေးချင်လို့လဲ။ ကလေးကိုရိုက်လိုက်တာနဲ့၊ ကလေးကိုခြောက်လိုက်တာနဲ့ ကိစ္စကပြေလည်သွားမလားဆိုပြီး ပြန်ပြောတော့ အဖေက ကျွန်တော့်ကို ရိုက်ဖို့ ကြိုးစားတယ်။ ကျွန်တော်ကလဲ ကျွန်တော်ခုလိုမျိုး အခက်အခဲတွေ ဒုက္ခတွေ တွေ့ နေရတာ အဖေတို့ ကြောင့်၊ ကျွန်တော် တစ်ခုခုဆို သိမ်ငယ်သလိုခံစားနေရတာ အဖေတို့ ကြောင့်၊ လုပ်ငန်းခွင်ထဲမှာ မပြေလည်ရတာ အဖေတို့ ကြောင့်ဆိုပြီး စိတ်တွေ ထိန်းမရဖြစ်လာပြီး အဖေ့ကို ပြန်ရိုက်တယ်။ ကျွန်တော်စီးနေတဲ့ဖိနပ်နဲ့ ပြန်ရိုက်တယ်။
အဲလိုအိပ်မက်မက်ပြီး ကျွန်တော်စိတ်နှလုံးမကြည်လင်စွာနဲ့ နိုးထလာခဲ့ပါတယ်။ အဲလိုအိပ်မက်မျိုးတော့ ကျွန်တော် ဘယ်တော့မှမမက်ချင်ပါဘူး။ အ၇င်တစ်ခါကလဲ အိပ်မက်ထဲမှာ အဖေနဲ့ အမေကို ၀ါးလုံးရှည်ကြီးနဲ့ အငြှိုးတကြီး ရိုက်ဘူးခဲ့ပြီ။ အဲလိုတွေမက်ပြီးတိုင်းလဲ ကျွန်တော်စိတ်ပင်ပန်းရတယ်။ ကိုယ့်ကိုယ်ကိုယ်လဲ စက်ဆုပ်မိတယ်။
ခုတစ်ခါအိပ်မက်ထပ်မက်တော့ အရင်လ ရန်ကုန်မှာ ကြုံခဲ့ရတဲ့အဖြစ်ကလေးကို သတိရမိတယ်။
ကျွန်တော့် ဇနီးရဲ့ ဆွေမျိုးတစ်စုနဲ့ စားသောက်ဆိုင်လေးတစ်ဆိုင်မှာ ညစာစားသောက်ကြတုန်းကပေါ့။ ကျွန်တော့်ဇနီးရဲ့ သုံးနှစ်သားအရွယ် တူလေးက စားပွဲဝိုင်းတစ်ခုလုံးလျှောက်ပတ်ဆော့ပြီးစားသောက်နေတာပါ။ ဆွေမျိုးတွေစုံစုံညီညီနဲ့ စလိုက်နောက်လိုက်ပျော်စရာကောင်းတဲ့ပွဲလေးပါပဲ။ အဲလိုပျော်ရွှင်နေကြတဲ့အချိန်မှာ ကလေးလေးကြောင့် လိမ္မော်ရည်ဖန်ခွက်တစ်ခွက်ကျကွဲသွားတယ်။ စားသောက်ဝိုင်းတစ်ခုလုံးရုတ်တရက်ငြိမ်ကျသွားတယ်။ ဒီတော့ ကလေးလဲ ကြောက်သွားတယ်။ မျက်နှာလေးက ငယ်သွားလိုက်တာ သနားစရာလေး။ အဲဒီအချိန်မှာပဲ ဘေးနားက အဘွားလုပ်တဲ့ သားလေး ဖန်ခွက်ကွဲတွေ ရှကုန်မယ်ဆိုပြီး ကလေးကို နေရာကနေဖယ်လိုက်တယ်။ ကျန်တဲ့ မိသားစုဝင်တွေကလဲ ဘာမှမဖြစ်သလိုပဲ ကလေးကို ပြန်ပြီး စနောက်ရင်းနဲ့ အာရုံလွှဲလိုက်ကြတယ်။ ကလေးငယ်လဲ ဘာမှမဖြစ်ခဲ့သလိုပဲ ချက်ချင်းနဂိုအတိုင်းဖြစ်သွားတယ်။ အခြားသူတွေတော့မသိဘူး ကျွန်တော်ကတော့ တွေးလိုက်မိတယ်။ ငယ်စဉ်တုန်းက ကိုယ့်ရဲ့ ရင်သွေးငယ်လေးတွေကြောက်လန့် စိုးရိမ်နေတဲ့အချိန်မှာ ကလေးမိဘတွေက ဘယ်လိုတုန့် ပြန်မှူတွေပေးခဲ့သလဲဆိုတာပဲ။ ကလေးဆော့တာကို အပြစ်တစ်ခုလုပ်ပြီး ကလေးကို ဆူပူကြိမ်း မောင်းကြမလား၊ ကလေးရဲ့ စိတ်ထဲမှာ ဒဏ်ရာမရအောင် ကလေးကို ဖေးမလား။(သင်ဆိုရင်ကော ဘာလုပ်ဖြစ်မလဲ)
ကျွန်တော်က ငယ်စဉ်ကတည်းက ၀မ်းနည်းတတ်ပါတယ်။ သိမ်ငယ်တတ်ပါတယ်။
ကျွန်တော့်အိပ်မက်တွေက အဲဒါတွေနဲ့ များ ပက်သက်နေမလား။
ဘာပဲဖြစ်ဖြစ် အဲလိုအိပ်မက်တွေကို မုန်းတယ်။